ဝှေခါကျေးရွာဒေသခံတစ်ချို့ ကျေးရွာတွင်းပြန်ဝင်ခွင့်ရပေမယ့် နေထိုင်ခွင့်တော့မပြုသေးဘူးဟုဆို

ဖေဖော်ဝါရီ ၉ ၊ ဝှေခါ

စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဖားကန့်မြို့နယ် ၊ဝှေခါကျေးရွာဒေသခံတစ်ချို့ကို ကျေးရွာတွင်းပြန်လည်ဝင်ခွင့်ပြုထားပေမယ့် နေထိုင်ခွင့်တော့မပြုသေးဘူးဟု ဒေသခံများထံမှ သိရပါတယ်။

“ ဝှေခါကစစ်ရှောင်တွေက ဟိုလိုကြီးတော့ဝင်မရသေးဘူး ပြန်သွားတဲ့လူတွေကိုလည်း ပြန်မလာခိုင်းပြန်ဘူး ဝင်သွားတဲ့သူတွေကို သုံးရက်နေမှ ပြန်ထွက်ခိုင်းမယ်လို့ ပြောပြန်တယ်’ ဟု စစ်ဘေးရှောင်ကူညီနေသူ ဆိပ်မူကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ဝှေခါကျေးရွာတွင်း ခြေကုပ်ယူထားတဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ ဝင်ရောက်ခွင့် တောင်းဆိုတဲ့ ကျေးရွာသူ/သားအချို့ကို စစ်ဆေးမေးမြန်းပြီး ဝင်ခွင့်ပြုကာ သုံးရက်ကြာမှသာလျှင် ပြန်လည်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း သိရပါတယ်။

စစ်ဘေးတိမ်းရှောင်သူများက ဆိပ်မူကျေးရွာ၊ လုံးခင်းကျေးရွာမှာရှိတဲ့ မြေစာပုံတွေမှာ ကျောက်ရှာင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်လို့လည်းသိရပါတယ်။

 “ အခုလည်း ဘုန်းကြီးကျောင်းမှာနေရတာ ဘုန်းကြီးတွေကိုအားနာလို့ ကလေးမရှိတဲ့မိသားစုတွေ မိသားစုနည်းတဲ့သူတွေဆို မြေစာပုံမှာ ကျောက်ရှာဘာရှာနဲ့ အိမ်ခန်းငှားအေ့လိုတွေနေကြတာပါ့အေး” ဟု ၎င်းကဆက်ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူအများစုက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ မှော်ရှန်၊ လုံးခင်းကျေးရွာတွေရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ အများဆုံးခိုလှုံနေကြရတာလည်း ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသ ၊ နန့်မွန်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်ကြရသူတွေကတော့ ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *