သန်းခေါင်စာရင်းကောက်ယူတဲ့ မေးခွန်း(၂၇)ခု စစ်ကောင်စီထပ်တိုးထားပြီး ပြည်နယ်နဲ့တိုင်း(၇)ခုမှာ စတင်ကောက်ယူနေ

အောက်တိုဘာ ၂  ၊​ဟုမ္မလင်း 

အောက်တိုဘာ(၁)ရက်နေ့ကနေစပြီး စစ်ကောင်စီက ပြည်နည်နဲ့တိုင်း(၇)ခုမှာ သန်းခေါင်စာရင်းစတင်ကောက်ယူနေကာ  ၂၀၁၄ ခုနှစ်ကထက် မေးခွန်း(၂၇)ခု ထပ်မံထည့်သွင်းဖြည့်စွက်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထပ်တိုးထားတဲ့ မေးခွန်းထဲမှာ ကျောင်းပညာဆက်လက်မတက်ရောက်သော အကြောင်းအရင်းကိုလည်း ထည့်သွင်းမေးမြန်းထားတာဖြစ်ပြီး စုစုပေါင်းမေးခွန်း(၆၈)ခုပါရှိတာလည်း ဖြစ်ပါတယ်။

မေးခွန်းတွေထဲမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့လည်းပါဝင်ပြီး တိုင်းရင်းသားတွေရဲ့ အမည်နာမနေရာမှာ နေအိမ်မှာ ပြောဆိုတဲ့ ဘာသာစကား ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ 

ဘာလူမျိုးလဲ မမေးပဲ ဘာစကားပြောတာလဲလို့မေးတာ အဲ့တာနဲ့ ရှမ်းနီစကားပြောတယ်လို့ပြောတာပေါ့ ၊​တစ်အိမ်တက်ဆင်းလိုက်ယူတာပေါ့အေး” လို့ ဟုမ္မလင်းမြို့ ဒေသခံ တစ်ဦးကပြောပါတယ်။ 

မေးခွန်းတွေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထက် မေးခွန်း ၂၀ ကျော်ပိုများလာခဲ့ပြီး စီးပွားရေးဆိုင်ရာအချက်အလက်တွေနဲ့ ကိုယ်ရေးအချက်အလက်မေးခွန်းတွေကို ပိုများပြားတာလို့သိရပါတယ်။ 

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်(မြောက်)၊ မန္တလေးတိုင်းဒေသကြီး နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်း စတဲ့ပြည်နယ်(၄)ခုနဲ့ တိုင်းဒေသကြီး(၃)ခုတို့ရဲ့ တစ်ချို့ဒေသတွေမှာ မနေ့ကစတင်ကောက်ယူနေကြောင်း သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားရှိတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုမှာတော့ ကောက်ယူနိုင်ခြင်းမရှိသေးပဲ စစ်ကိုင်း ၊ မုံရွာ ၊​ ဟုမ္မလင်း ၊ ခန္တီး နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တချို့မှာသာ စတင်ကောက်ခံနေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ 

အခုလိုကောက်ယူနေတဲ့ဒေသတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေသာဖြစ်ကာ ပဋိပက္ခပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ နေရာတွေကိုတော့ ကောက်ယူနိုင်ခြင်းရှိနိုင်မှာမဟုတ်ဘူးလို့ ကချင်ပြည်နယ်တွင်း နေထိုင်သူများက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီက သန်းခေါင်စာရင်းကို အောက်တိုဘာ(၁၅)ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ပြုလုပ်ထားတဲ့ ကျောင်းသား/သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ထားသူတွေရဲ့ မိသားစုဝင်များကတော့ စိုးရိမ်ပူပန်မှုများရှိနေတယ်လို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *