အောက်တိုဘာ ၉ ၊ သိန္နီ
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအနီးမှာ KIA နှင့် စစ်ကောင်စီတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်နက်ကြီးတွေဟာ ကွန်ကောက်ကျေးရွာအတွင်းက အရပ်သားတွေရဲ့နေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းကိုထိမှန်ခဲ့တာကြောင့် ဒေသခံတွေဟာ ဟိုမိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတာလို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က အောက်တိုဘာ ၈ ရက်နေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ KIA ဘက်က ဒရုန်းနဲ့ စစ်ကောင်စီတပ်အခြေချထားတဲ့ စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာ စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီနောက်မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကွန်ကောက်ကျေးရွာ ဘက်ကို ပစ်ခတ်ခဲ့တာကြောင့် နေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဟိုမိန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ကွန်ကောက်ကျေးရွာက ၁၈၀ ၊ ပိန်းဟုန်းကျေးရွာက ၁၂ ယောက်၊ ဝမ့်ဟေ့ကျေးရွာက ၃၅ ယောက် စုစုပေါင်း ၂၂၇ ဦးရှိတယ်လို့ SSPP/SSA ရဲ့ စာရင်းတွေအရသိရပါတယ်။
မန္တလေး-မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ ကွန်ကောက်ကျေးရွာအတွင်းမှာ KIA က တပ်စွဲထားပြီး လူအင်အားဖြည့်တင်းနေသလို စယ်အူကျေးရွာအုပ်စု ပန်နားကျေးရွာမှာ စစ်ကောင်စီတပ် ခလရ ၁၆ ကရှိနေတယ်လို့သိရပါတယ်။
ကွန်ကောက်ကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့မှာ SSPP/SSA နှင့် စစ်ကောင်စီတပ်တို့ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။