
ဖေဖော်ဝါရီ ၆ ၊ လွိုင်တိုင်းလျန်း
သျှမ်းပြည်အမျိုးသားညီလာခံတစ်ရပ်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ဦးဆောင်ပြုလုပ်ခဲ့ပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက်အခြေခံမူတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သျှမ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် အခြေခံမူ (၃၃) ချက် နဲ့ အခြေခံအခွင့်အရေး ၃၈ ချက်ကို အတည်ပြုနိုင်ခဲ့ကြောင်းဆိုပါတယ်။
ဒီလိုသဘောတူညီနိုင်ခဲ့တဲ့အချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် သျှမ်းပြည်ဖက်ဒရယ်ရေးရာဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။
ဒီအဖွဲ့ဆောင်ရွက်မယ့်လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
ပထမအကြိမ် သျှမ်းပြည်အမျိုးသားညီလာခံကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး သံဃာတော်တွေ ၊ သျှမ်းပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း ၊နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေ ၊ လူငယ်များ ၊ အရပ်ဘက်အဖွဲ့အစည်းတွေမှ ကိုယ်စားလှယ် ၁၀၅ ဦးတက်ရောက်ခဲ့တာလို့ သိရပါတယ်။
သျှမ်းပြည်အမျိုးသားညီလာခံတစ်ရပ်ကိုပြုလုပ်ဖို့အတွက် RCSS/SSA က ၂၀၂၁ ခုနှစ်ကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်မှာ ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးဆွေးနွေးပွဲတွေကို ကျင်းပလာခဲ့တာလည်းဖြစ်ပါတယ်။
ငါးနှစ်နီးပါးကြာမြင့်ပြီးချိန်မှာ အမျိုးသားညီလာခံတစ်ရပ်ကိုကျင်းပခဲ့ပြီးတော့ အခြေခံမူတချို့ကို သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။
မနက်ဖြန်မှာလည်း ရှမ်းအမျိုးသားနေ့ (၇၉) နှစ်ပြည့် ကျရောက်မှာဖြစ်ပြီး RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ဒီနေ့ကတည်းက ဖွင့်ပွဲအခမ်းအနားတစ်ရပ်ကိုပြုလုပ်နေပါတယ်။
