ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာက အိုးဖိုတန်းရပ်က ဦးမောင်မောင်၏ နေအိမ်ကို စစ်ကောင်စီက မနေ့က နိုဝင်ဘာ (၂၅) ရက် နေ့လည်မှာ နိုင်ငံတော်အပိုင်အဖြစ်သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုမောင်မောင်ရဲ့ နေအိမ်ကို ရဲ (၁၁) ဦး လာရောက်ခဲ့ချိတ်ပိတ်ခဲ့ပြီး အတွင်းက ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားတယ်လို့ ချင်းတွင်း–ဥရုနွေဦးတော်လှန်ရေးလူမှုကွန်ရက်စာမျက်နှာကရေးသားခဲ့ပါတယ်။
ချိတ်ပိတ်မှုက စက်တင်ဘာလ (၂၈) ရက်နေ့ က စစ်ကောင်စီတပ်တွေက PDF စခန်းဆိုပြီး လူငယ်နှစ်ဦးနဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့ နေအိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ (၂၈) ရက်နေ့မနက် (၄) နာရီက ဦးမောင်မောင်၏ နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေခဲ့ပြီးတော့ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
ဦးမောင်မောင်အိမ်မှ လူငယ်နှစ်ဦးကို PDF ဆိုပြီး ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
စက်တင်ဘာလ တစ်ရက်တည်းမှာပဲ နောင်ပိုအောင်ကျေးရွာသား (၄)ဦးကို ဖမ်းဆီးခဲ့ပြီး PDF များကို လက်နက်နှင့်တကွ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေနဲ့ သူတို့တွေရဲ့ မိတ်ဆွေတွေကတော့ငြင်းဆိုထားကြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှ ကိုသန်းဆွေကိုတော့ စစ်ကောင်စီတပ်တွေက ပြန်လွတ်ပေးခဲ့ပြီး ကျန်တဲ့ သုံးဦးကိုတော့ ဆက်လက်ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မိုင်းပေါက်ကွဲမှုများက မကြာခဏရှိနေဆဲဖြစ်ပါတယ်။
ရှမ်းနီတိုင်းရင်းသားအဆိုတော် စိုင်းဝေယံအောင်ကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။