ဟုမ္မလင်းမြို့နယ်ထဲဥရုချောင်းရေကြီးတာကြောင့်နမ့်တောကျေးရွာပတ်ဝန်းကျင်ကလမ်းမနဲ့တံတားတွေပေါ်ရေနစ်မြှုပ်နေ 

ဇွန်၁၃နမ့်တော

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ ဥရုချောင်းရေကြီးတာကြောင့် နမ့်တောကျေးရွာအနီးတဝိုက်က လမ်းမတွေနဲ့ တံတားတွေရေနစ်မြှုပ်နေတယ်လို့သိရပါတယ်။ 

ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှ နမ့်တော အောက်တောင်ပေါ်တံတား နဲ့ မှိုင်းကိုင်း နောင်ခမ်း ခေါက်ငိုးတံတား ရေကျော်မှုတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ 

“ ရေကထွက်ပေါက်မှ သိပ်မရှိတာ၊  ရွှေမျှောတွေက ဥရုချောင်းဘေးမှာတိုက်နေတော့၊ အဲ့လိုတော့ဖြစ်မှာပဲ ရေကြောတွေက အဲ့မှာ ဥရုချောင်းဘေးမှာ မျှောတွေမောင်းနေတယ်ဆိုတော့ ။ ရေလမ်းက ပုံမှန်မရှိဘူးဆိုရင်တော့ ဒီထက်ပိုပြီးတော့ တက်လာမှာပေါ့ ၊ ပုံမှန်အတိုင်းဖြစ်သွားရင်တော့ တမျိုးပေါ့” လို့ နမ့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဒီနေ့ ကားလမ်းတွေနဲ့ တံတားရေကျော်မှုတွေဖြစ်နေတာကြောင့် အသွားအလာ နှောင့်နှေးမှုတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ အာဏာသိမ်းပြီးနောက် ဥရုချောင်းဘေးရွှေမျှောတိုက်မှုတွေက သိသိသာသာများပြားလာခဲ့ပြီး ချောင်းရေစီးရေလာပြောင်းလာမှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ 

ဒေသခံတွေကတော့ ဒီနှစ် ဥရုချောင်းရေကြီးရေလျှံမှုတွေက ယခင်နှစ်တွေထက် ပိုကြီးနိုင်ကြောင်း ပြောဆိုနေကြပါတယ်။ 

ဟုမ္မလင်းမြို့နယ်ထဲမှာ ဥရုချောင်းရေကြီးနေသလို ချင်းတွင်းမြစ်ရေတိုးမြင့်လာပြီး နှစ်ရက်အတွင်း ၆ ပေနီးပါးမြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။ 

ဥရုချောင်းမြစ်ဖျားတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁၁ ရက်နေ့ကစ ရေကြီးရေလျှံမှုဖြစ်လာခဲ့ပြီး ဖားကန့်မြို့နယ်မှာလည်း မနေ့က စပြီး ရေနစ်မြှုပ်မှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *