ဟုမ္မလင်းမြို့နယ်အတွင်းသို့စားသောက်ကုန်အချို့ကိုသယ်ယူခွင့်ပေးထားပြီးစက်သုံးဆီနှင့်ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့သယ်ယူခွင့်ပိတ်ပင်ထားဆဲ
မတ် ၁၁ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းကို တော်လှန်ရေးအင်အားစုများက စားသောက်ကုန်အချို့ကိုသာ သယ်ယူခွင့်ပေးထားပြီး စက်သုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်း သယ်ယူခွင့်ကိုတော့ တားဆီးပိတ်ပင်ထားဆဲလို့ ဒေသခံသတင်းအရင်းအမြစ်ထံကနေ သိရှိရပါတယ်။
“ ကားလမ်းဖွင့်ပေးတယ်ဆိုတာမျိုးက PDFအဖွဲ့တွေက အဲ့လို လွတ်လွတ်ပေးတာပေါ့။ စားသောက်ကုန်တွေဆိုရင်တော့ လွတ်ပေးတယ်ပေါ့။ ကျန်တဲ့ ဒီဇယ်တို့ ရွှေမျှောသုံးပစ္စည်း၊ သံထည်၊ ဘိဘပ်မြေ အဲ့ဒါတွေကတော့ မလွတ်ဘူးဗျာ့။ တစ်ချို့ ထိန်းထားတယ်တောင် ကြားရတယ်လေ။” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအင်အားစုဘက်က ကုန်တင်ကားတွေကို သွားလာခွင့်ပေးဝင်တာဟာ ဒီနေ့အပါအဝင် နှစ်ရက်ခန့်သာ ရှိနေသေးပြီး ဒီဇယ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုတော့ သိမ်းဆည်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
စားသောက်ကုန် သယ်ယူခွင့်ပေးရာမှာလည်း တော်လှန်ရေးအင်အားစုဘက်က ကန့်သတ်ထားသည့် စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေးပြီးမှသာ လွတ်ပေးတာဖြစ်ပြီး စစ်တပ်ထုတ်ကုန်တွေကို တွေ့ရှိပါက ဖျက်ဆီးပစ်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။
“ အဲ့ဒီ စားသောက်ကုန်ကတော့ အမိုးဖွင့်တွေနဲ့ ဂျပ်ဖာတွေနဲ့ အစုံပေါ့ဗျာ။ အဲ့ဒါမျိုးတွေတော့ ဝင်တယ်။ နေ့တိုင်းဝင်တယ်။ သူတို့လည်း စောင့်နေရတာ ဒီမှာ လချီပြီး စောင့်နေရတာလေ။ ကန့်သတ်ကုန်တွေကို သူတို့ စစ်ဆေးပြီးမှ အဲ့လိုမျိုး လွတ်ပေးတယ်လို့ ပြောတယ်ဗျာ့။ တပ်မတော်ကထုတ်တဲ့ ဘီယာ အဲ့ဒါတွေက ပါမပါ စစ်တာပေါ့ဗျာ။ ပါရင် အကုန်သိမ်းတယ်လို့ ပြောတာကို။ အကုန်ဖျက်ဆီးပစ်တယ် ပြောတာကို။” လို့ ဟုမ္မလင်း ဒေသခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီအပါအဝင် ဆောက်လုပ်ရေးပစ္စည်းတွေတင်ဆောင်လာသည့် ကုန်ကားတွေကိုတော့ ဖောင်းပြင်မြို့နယ် ရောင်ဟီးကျေးရွာဘက်မှာ တားဆီးပိတ်ပင်ထားတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထားသည့် နယ်မြေအတွင်းသာ သယ်ယူရောင်းချခွင့်ပြုထားပြီး ပြင်ပသယ်ယူရောင်းချခွင့်ကို တားဆီးပိတ်ပင်ထားတာသည် တစ်လကျော် ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။