နိုဝင်ဘာ ၁၃ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာအတွင်းမှာ နိုဝင်ဘာလ ၁၀ ရက်နေ့စလို့ ဒီနေ့အထိ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဒေသကာကွယ်ရေးတပ် ( ဟုမ္မလင်း) တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ ၅ နာရီခွဲ ၆ နာရီလောက်မှာလက်နက်ကြီးသံကြားရတယ်၊ အခုနောက်ပိုင်းကတော့ သိပ်ကြီးလည်းမကြားရတော့ဘူး” လို့ ဟုမ္မလင်းဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့စပြီး နောင်ပိုအောင် ၊ ဆပ်ကယား ၊ နားမော် စတဲ့ ကျေးရွာသုံးရွာ အနီးမှာရှိတဲ့ SNA တပ်စခန်းတွေကို PDF တွေဘက်က စတင်တိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက် နားမော်ကျေးရွာတစ်ခုတည်းမှသာ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲဆက်ရှိနေတာလည်းဖြစ်ပါတယ်။
နားမော်ကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ကျောင်းဆရာ/မ နှစ်ဦး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမျိုးသမီး နှင့် မိခင် ဖြစ်သူ စုစုပေါင်း လေးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ပွဲတွေကြောင့် ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောလမ်းပိုင်း တချို့နဲ့ နောင်ပိုအောင် ဥရုချောင်းကူးတံတားလည်း ယနေ့ချိန်အထိ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်ကစပြီး တိုက်ပွဲသံများ ငြိမ်သက်သွားပြီလည်းဖြစ်တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ် လမ်းပိုင်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားပြီး မြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို SNA က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။