ဖေဖော်ဝါရီ ၁၀ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဟွေဖလာကျေးရွာနောက်ကျောမှာ တောလမ်းမှာ ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုတို့ကြောင့် PDF အဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်လာခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၇) ရက်နေ့က ဟုမ္မလင်း PDF အဖွဲ့ (၃)ဦးက ဟွေဖလာနောက်ကျော တောလမ်းမှာ လှုပ်ရှားသွားလာစဉ် အရပ်ဝတ်နဲ့ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုပစ်ခတ်မှုတွေကြောင့် PDF အဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိခဲ့ပေမယ့် အခု ပြန်လည်ကောင်းမွန်လာပြီလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီလို ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခြင်းက သတင်းအချက်အလက် ရရှိမှု အားနည်းတဲ့အတွက်ကြောင့် စစ်သတင်းတွေကို ပေးပို့ဖို့အတွက် မေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။
PDF တွေက ဇန်နဝါရီလ ၃၀ ရက်နေ့က ဟွေဖလာကျေးရွာအနီး မှာ စစ်ကောင်စီ အရာရှိတွေစီးနင်းလာတဲ့ ကားတစ်စီး မိုင်းစွဲတိုက်ခိုက်ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ဖူးပါတယ်။
ဟုမ္မလင်းမြို့ PDF တွေက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ကစပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်ဆိုပြီးတော့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။