ဩဂုတ် ၂၇ ၊ ဖားကန့်
ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများအားလုံးဖြတ်တောက်ခံထားရပြီး တစ်ပတ်အကြာတွင် ကုန်စျေးနှုန်း မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဘာမှကိုအလုပ်မဖြစ်တာ ချောင်ရိုက်ထားသလိုဖြစ်နေတာ ၊ အခုက ကုန်စျေးနှုန်းတွေလည်း ပြန်တက်ပြန်ပြီ ။ လိုင်းတွေဖြတ်ပြီးတော့မှ ဖြစ်သွားတာ။ ပစ္စည်းတွေက အဝင်မရှိတော့ဘူးကွာ ၊ ပစ္စည်းတွေက ၆၅၀၀ တန်က ၈၅၀၀ ဖြစ်သွားတယ်” ဟု ဒေသခံ တစ်ဦးကဆိုသည်။
ဖားကန့်မြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ ဆီ စျေးနှုန်းမြင့်တက်နေသည့်အပြင် ကျောက်တူးဖော်သူများ အသုံးပြုသည့် ပွိုင့်ဖိနပ်များပင် စျေးနှုန်းသုံးဆနီးပါး မြင့်တက်လျှက်ရှိနေသည်။
“ ငါတို့စီးတဲ့ ပွိုင့်ဖိနပ်တွေတောင် စီးချင်တဲ့ဆိုဒ်စီးလို့မရဘူး ။ စီးချင်တဲ့ဆိုင်ရချင်ရင်လည်း စျေးက အရင်လိုမဟုတ်တော့ဘူး ၆၅၀၀ ဖြစ်သွားပြီ ၊ ဒီမှာက ပွိုင့်ဖိနပ်မပါရင် မရဘူးလေ ငါတိုကျောက်ရှာတဲ့သူတွေက ” ဟု ရေမဆေးတစ်ဦးကဆိုသည်။
အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ပုဂ္ဂလိကဘဏ်များ ၊ ငွေလွဲဝန်ဆောင်မှုလုပ်ငန်းများအားလုံးရပ်ဆိုင်းထားခဲ့ရသည်။
မှတ်ပုံတင်ဖြင့် ကုန်စုံဆိုင်များတွင် ငွေလွဲသည့် လုပ်ငန်းများဖြင့် ငွေလွဲနေရကြောင်းသိရသည်။
အင်တာနက်ဖြတ်တောက်ခံရပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း သတင်းအချက်အလက်ဖလှယ်မှုများလည်း နှေးကွေးသွားသည့်အပြင် တိုက်ပွဲများဖြစ်လာမည်ကိုလည်း ဒေသခံအများစုက စိုးရိမ်နေကြသည်။