အောက်တိုဘာ ၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာမှာ မွေးမြူထားတဲ့ ဝက်တွေက ဆီးချုပ်ဝမ်းချုပ်ရောဂါနဲ့ အစုလိုက်သေဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ လကုန်ခါနီးကဖြစ်တာ တစ်ပတ်ကျော်ပြီ ဝက်တစ်ခြံလုံးတွေ တစ်ကောင်ပြီးတစ်ကောင် အဲ့လိုတွေရှိတယ်။ ဒီမှာက ဆေးတွေဝယ်ပြီးမှ ကိုယ့်ဟာကို ထိုးကျတာလည်းရှိတယ်။ တချို့လည်း ကောင်းသွားတာကနည်းပါတယ်။ သေကြတာများတယ်” လို့ မိုင်းနောင်ကျေးရွာသားတစ်ဦးက အခုလိုပြောပြပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီးဝက်ပိုင်ရှင်တွေက ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီး ရုတ်တရက်သေဆုံးတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
စက်တင်ဘာလကုန်ကတည်းကစ အခုအချိန်ထိ တစ်ပတ်ကျော်အတွင်း ဝက်အကောင်ရေ ဆယ်ချီသေဆုံးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မိုင်းနောင်ကျေးရွာအုပ်ချုပ်ရေးဘက်က အခုလိုသေဆုံးတဲ့ သတင်းတွေကို မသိရှိထားသေးဘူးလို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
“ ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီးတော့မှ သေတာလို့ ၊ ဝက်တွေကိုတောင်မှ လက်ရှိအောက်စျေးနဲ့ရောင်းနေကြတာ ။ တစ်ပိဿာကို ငါး ထောင်ရှစ်ထောင် အဲ့လိုတွေရောင်းနေတာ တချို့ဟာလည်း မြှုပ်လိုက်တော့တာ တချို့လည်း မသိပဲနဲ့ ခုတ်ပြီးတော့ရောင်းလိုက်တာရှိတယ်။” လို့ ဒေသခံ ကျေးရွာသားတစ်ဦး ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ ဆီးချုပ်ဝမ်းချုပ်ရောဂါတွေက ရာသီအကူးအပြောင်း ကာလကြောင့်လို့ ဝက်မွှေးမြူသူတွေက ယူဆနေကြပါတယ်။