ဩဂုတ်လ ၂၉ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသတွင် ပန်းလား-ညောင်ပင် ကွန်ကရစ်လမ်းခင်းပြီး နှစ်နှစ်ကျော်အတွင်းမှာ လမ်းပျက်စီးမှုဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး ပြုပြင်ခြင်းမရှိသေးကြောင်း ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။
ပန်းလား-ညောင်ပင် လမ်းပိုင်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကနေ မ္ပဏီတချို့က တင်ဒါရယူတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။
“ လမ်းကတော့ အက်ကွဲကြောင်းအကြီးကြီးတွေတော့ဖြစ်နေတယ် ပျက်တယ်ပြောမှာပါ့၊ ရေပေါက်နားမှာပျက်တာ ၊ စံချိန်စံညွှန်းမမှီတာဖြစ်မယ်။
အဲ ၊ ခဏခဏမြေဖို့ရတယ်” လို့ ပန်းလား-ညောင်ပင်လမ်းပိုင်းရှိ နားလတန်းကျေးရွာက ဒေသခံတစ်ဦးက ပြောပြပါတယ်။
နှစ်နှစ်ကျော်အတွင်း ပျက်စီးမှုတွေဟာ တည်ဆောက်မှု စံချိန်စံညွှန်းလျော့နည်းမှုတွေကြောင့်အပြင် ဖားကန့်မြို့သို့ သွားသည့် တန်ပိုတင်ဆောင်တဲ့ စက်သုံးဆီတင်ကားများ၊ ကုန်တင်ကားတွေကြောင့် လမ်းအလွယ်တကူပျက်စီးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
၁၀ မိုင်ကျော်ရှိတဲ့ ဒီလမ်းပိုင်း ပျက်စီးမှုတွေအနေနဲ့ ကွန်ကရစ်လမ်းပိုင်းတစ်လျောက် အက်ကြောင်းရာတွေအများအပြားဖြစ်ပါ်နေတာ၊ လမ်းပိုင်းရှိ တချို့နေရာတွေ ပေါက်ပြဲနေနေတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခြင်းကြောင့် ဒေသခံတွေပြုပြင်ခဲ့ရတယ်လို့ သိရပါတယ်။
အခုလို လမ်းပိုင်းပျက်စီးနေတာကို ပြုပြင်ပေးဖို့အတွက် ဒေသခံတွေက ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကို ပြောဆိုတင်ပြမှုတွေရှိပေမယ့် လက်ရှိအချိန်ထိ လာရောက်ပြုပြင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒီလမ်းပိုင်းဟာ အင်းတော်ကြီးဒေသ ကန်ပတ်လမ်းအတွင်း ပါဝင်ပြီး နန့်မွန်း- ချောင်းဝ- ညောင်ပင်လမ်းပိုင်း ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
နန့်မွန်း-ချောင်းဝ-ညောင်ပင်လမ်းသည် ၃၆မိုင် အရှည်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် ဘတ်ဂျက်အတွင်း အပြီးတည်ဆောက်ခဲ့ကြတာလည်းဖြစ်တယ်လို့ သိရပါတယ်။