အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား 

ဇူလိုင် ၁၅ ၊ မိုင်းနောင် 

  မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ၊မိုင်းနောင်ကျေးရွာနဲ့မမုန်ကိုင်ကျေးရွာတို့မှာ ယနေ့မနက်ပိုင်းမှစ၍ SNA ကျားဖြူစစ်ကြောင်းများ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့ ဒေသခံများထံမှသိရပါတယ်။

  ဒီနေ့  ဇူလိုင်လ(၁၅)ရက် မနက်ပိုင်း (၁)နာရီကနေစတင်ပြီး မိုင်းနောင်ကျေးရွာနဲ့ နန့်မွန်းကျေးရွာအကြားရှိ ဆင်ခေါင်းတောင်အနီးကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KIA+PDFပူးပေါင်းတပ်နဲ့  ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ 

“ အခုကသိမ်းရင်းတိုက်ရင်းလာရင်းနဲ့ ရွာထဲ(မိုင်းနောင်)ရောက်ခဲ့ပြီး အခုမမုန်ကိုင်ထိတောင်ရောက်လာပြီ ထိတွေ့တိုက်ပွဲဖြစ်တာဟုတ်တယ် မိုင်းနောင်နဲ့နန့်မွန်းကြားမှာရှိတဲ့ ဆင်ခေါင်းတောင်ကနေစဖြစ်တာ ရွှေလက်ပံမှာလည်း စစ်တပ်တွေရှိတယ်လေ  တောဘက်(KPDF)လည်းဆုတ်သွားပြီလို့ကြားတယ် အခုရှမ်းနီတပ်တွေက မိုင်းနောင် မမုန်ကိုင်ကိုရသွားပြီဆိုတဲ့သဘောပေါ့”  လို့ နန့်မွန်းကျေးရွာသား လူငယ်တစ်ဦးက ပြောပြပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုင်းနောင်ကျေးရွာက ရပ်ကွက်(၂)ခုကို လက်နက်ကြီးကျရောက်မှုရှိခဲ့ပြီး ဒေသခံနေအိမ်တစ်ချို့မီးလောင်ခဲ့သလိုကျေးရွာသားတစ်ဦးလည်း ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ အခုငြိမ်တော့ငြိမ်နေတယ် အသံတွေတော့ကြားနေရသေးတယ်တဲ့ လက်နက်ကြီးကြောင့် မနေ့ကအိိမ်တွေထိတော့ ဆင်ဖြူကုန်းရပ်ကွက်ရယ် ဗိုလ်တဲကုန်းရပ်ကွက်ရယ်က အိမ်တစ်ချို့တော့မီးလောင်နေတယ်လို့ပြောတယ် ရွာကအတော်များများတော့ မမုန်ကိုင်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတယ်”လို့ သူကဆိုပါတယ်။

တိုက်ပွဲကြောင့် မိုင်းနောင်ကျေးရွာက ဒေသခံတွေဟာ အနီးကျေးရွာရှိ မမုန်ကိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ယနေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့များကလည်း အင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်နိုင်တဲ့ နန့်မွန်း-ဟိုပင်-အင်းတော်ကြီးလမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ပင်ထားကြောင်း ဆိုပါတယ်။

၂၀၂၄ ခုနှစ်ကစလို့ ပြီးခဲ့တဲ့လတွေအထိ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာကို KPDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားတာဖြစ်ပြီး  အင်းအရှေ့ကမ်းရှိ နယ်မြေအတော်များများကိုလည်း ၎င်းတို့စိုးမိုးထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *