နိုဝင်ဘာ ၂၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းပုတ်ကျေးရွာအုပ်စု တုံပင်ကျေးရွာ အနီးမှာ ဒီနေ့နံနက် ၁၂ နာရီကျော်မှ ၂ နာရီအထိ စစ်ကောင်စီရဲ့လေယာဉ်တွေ ဗုံးလာကျဲ ခဲ့ကြောင်း တုံပင်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။
“ ဟုတ်တယ် ည ၁၂ နာရီနဲ့ ၁ နာရီခွဲကျော်လောက်မှာ လာကျဲသွားတယ်။ လေယာဉ်ကတော့ နှစ်စီး၊ လေးငါးချက်လောက်တော့ လာချသွားတယ် “ လို့ တုံပင်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။
ဒေသခံတွေပြောဆိုမှုအရတော့ ကျေးရွာနှင့်ဝေးပြီး ညသန်းခေါင်ချိန်မှာ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု မသိရကြောင်း ပြောဆိုပါတယ် ။
စစ်ကောင်စီဗုံးကျဲခဲ့တဲ့နေရာက KIA တပ်စခန်းတွေရှိတဲ့ နေရာဖြစ်ပြီး PDF တွေလည်းရှိတယ်လို့ ဒေသတွင်းပြောဆိုမှုတွေလည်းရှိနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသက မိုင်းနောင်ကျေးရွာအနောက်ဘက်တွင် စစ်ကောင်စီတပ်တို့က လေယာဉ်ဗုံးကျဲမှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး တုံပင် – မိုင်းပုတ် ကျေးရွာ တောတန်းများတွင် နှစ်ကြိမ် ဗုံးကျဲမှုများ
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အင်းတော်ကြီးဒေသတွင် KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲမဖြစ်ပွားသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့သည့်လ အောက်တိုဘာကလည်း မိုင်းနောင်ကျေးရွာအနောက်ဘက်ကို တစ်ကြိမ်
လေယာဉ်ဗုံးကျဲခဲ့ကြောင်းသိရသည်။
ထို့ပြင် မိုးညှင်းမြို့နယ် နမ္မချီကျောက်မှော်တွေအနီးကိုလည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၄ နာရီအချိန်က စစ်ကောင်စီရဲ့ လေယာဉ်ပျံတွေက ဗုံးကျဲချခဲ့တယ်လို့ မိုးညှင်းဒေသခံတွေက ပြောဆိုကြပါတယ်။
မိုးညှင်းမြို့နယ်အတွင်းမှာ KIA. PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားပေမယ့်လည်း လေယာဉ်နဲ့ ဗုံးကျဲချမှုတွေက မကြာခဏရှိနေဆဲဖြစ်ပါတယ်။