အောက်တိုဘာ ၁၀ ၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ် မြသီတာကျေးရွာနှင့် ကျွဲကောလေးကျေးရွာကြားမှာ အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗန်းမောက်တောင်ပိုင်းဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။
“ မြသီတာကြားနဲ့ ကျွဲကောလေးကြားမှာ။ မနေ့ကတော့ အတိအကျ မသိတော့ဘူး။ ဒီနေ့ကတော့ တစ်နာရီကျော်လောက်က စတာပဲ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
နှစ်ရက်ဆက်တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေပြီး အရေအတွက်ကိုတော့ အတိအကျမသိရှိရဘူးလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တော်လှန်ရေးအင်အားစု တပ်သားများကို ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဗန်းမောက်တောင်ပိုင်းဒေသဘက်ကို သယ်ဆောင်လာတာတွေ မြင်တွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“နဲနဲ ဟိုက ခြေထောက်တွေ ထိလာတယ် ပြောတယ်။ တောင်ပိုင်းဘက်ကို သူတို့(တော်လှန်ရေးအင်အားစု) သယ်လာတယ်။ သူတို့(တော်လှန်ရေးအင်အားစု) လူနာတွေ တင်လာတာတော့ တွေ့တယ်။” ၎င်းကဆိုပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း နင်းမိုင်း နင်းမိတဲ့အတွက် ခြေထောက်ပြတ်သွားတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။
“စစ်တပ်ဘက်က မိုင်းနင်းမိတယ်တယ်တဲ့။ တစ်ယောက် ခြေထောက် ပြတ်သွားတယ် ပြောတယ်။”
အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဗန်းမောက်မြို့ကနေ လက်နက်ကြီး ပစ်ကူတာတွေ ရှိခဲ့တယ်လို့ ဗန်းမောက်မြို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြခဲ့ပါတယ်။
“အေး ဟုတ်တယ်။ ကျွဲကောကြီးဘက်ကတော့ မနေ့ကလည်း ပစ်တယ်။ ဒီကနေလည်း ပစ်ကူသံတွေ ကြားရပါတယ်။ ဒီနေ့မနက်တောင် ကြားနေရတာ တစ်လုံး နှစ်လုံး ရှိပြီ။”
ဗန်းမောက်နှင့် အင်းတော်မြို့နယ်ကြားမှာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း တပ်ချိန်းပြောင်းမှုတွေလုပ်တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာလည်းဖြစ်ပါတယ်။