ဇွန် ၁၂ ၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်အတွင်း ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ခြင်း မရှိဘူးလို့ သိရှိရပါတယ်။
အင်းတော်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အခြေခံပညာကျောင်း (၈)ကျောင်းသာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း အဆိုပါကျောင်းများသာ ဖွင့်လှစ်နိုင်ကြောင်းကို အထက်တန်းပြ ဆရာမတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။
“ အင်းတော် မနှစ်တုန်းကလိုပါ့။ မြို့ပေါ်လေးပါ့။ (အထက)ကျောင်း နှစ်ကျောင်း။ ဆရာမတို့ကျောင်းတွေလည်း ဖွင့်တယ်လေ။ မူကျောင်းတွေ အင်းရွာဖွင့်တယ်။ လက်ပံကုန်းဖွင့်တယ်။ နန်းခင့်ဖွင့်တယ်။ ကြာအင်းဖွင့်တယ်။ ရွာကတော့ အဲ့ဒါလေးတွေပါ့။”
စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နယ်ဘက်တွေမှာ အခြေခံပညာကျောင်းတွေ မဖွင့်လှစ်နိုင်သည့်အတွက် နယ်ဘက်က ကလေးတွေအနေနဲ့ မြို့ပေါ်ကျောင်းတွေမှာ လာရောက်တက်ရောက်နေကြရတာပဲ ဖြစ်ပါတယ်။
“များတယ် ကျောင်းသားဦးရေက။ နားရခေါင်တို့ လာတယ်။ နဘားတို့ အဲ့ဘက်ကတွေ လာတယ်။ ကားတွေနဲ့ သက္ကယ်ကျင်းရိုးတွေကော လာကြပါတယ်။ နယ်တွေ မဖွင့်တော့။ မြို့ပေါ်လာတက်ကြတယ်။”
အင်းတော်မြို့နယ်အတွင်း ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသား/သူ ဦးရေ ၅,၀၅၆ ဦး တက်ရောက်ခဲ့ပြီး၊ ယခု ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာတော့ အခြေခံပညာကျောင်းသား/သူဦးရေ ၄,၆၁၄ ဦးကို ကျောင်းအပ်လက်ခံခဲ့ပြီး ကျောင်းအပ်လက်ခံခြင်း လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အင်းတော်(ပြန်/ဆက်)၏ ဇွန်လ ၃ ရက်နေ့ သတင်းအရ သိရှိရပါတယ်။
၂၀၂၄-၂၀၂၄ ပညာသင်နှစ်အတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းအပ်နှံသူ ခြောက်သန်းရှစ်သိန်းကျော် အပ်နှံခဲ့ပြီး ၂၀၂၃-၂၀၂၄ နှစ်ဖြင့် နှိုင်းယှဉ်မယ်ဆိုရင် တစ်သန်းနီးပါး လျော့ကျခဲ့တာဖြစ်ပါတယ်။