(၁)
စာသင်ခန်းတွေ ပိတ်ထားရသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည်။ ရှမ်းနီဆရာ/မများလည်း စာသခန်းတွေထဲ မရောက်ခဲ့သည်မှာလည်း တစ်နှစ်ကျော်ရှိလာခဲ့ပါသည်။ စာသင်ကျောင်းတွေ ပိတ်ထားရသည့် အကြောင်းအရင်း နှစ်ခုရှိသည် တစ်ခုက Covid19 အခြေအနေများ နှင့် စစ်အာဏာသိမ်းမှုတို့ကြောင့်ဖြစ်သည်။ Covid19 ကြောင့် ၂၀၂၀-၂၁ ခုနှစ် ပညာသင်နှစ်တွင် တစ်လကျော်သာ အထက်တန်းကျောင်းသားများ စာသင်ခဲ့ရသည်။ အလယ်တန်း နှင့် မူလတန်းကျောင်းများက ပိတ်ထားခဲ့ရသည်။ Covid19 ဒုတိယလှိုင်းကြောင့် တစ်နိုင်ငံလုံးက စာသင်ကျောင်းအားလုံး ပိတ်ထားလိုက်ရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျောင်းပြန်ဖွင့်ချိန်တွင် စစ်ကောင်စီက ကျောင်းများကို ပြန်ဖွင့်နိုင်ရန်အတွက် ကြိုးပမ်းလာခဲ့သည်။ ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းက CDM (အလုပ်မဆင်းရေးလုပ်ရှားမှု) တွင်ပါဝင်လာမှုကြောင့် ကျောင်းဖွင့်သော်လည်း စာသင်ခန်းများ၌ ကျောင်းသားနှင့် ဆရာမ များ ကင်းမဲ့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြချက်ဖြင့် စာသင်ကျောင်းများတွင် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ စာသင်သူကင်းမဲ့သည့် ကျောင်းပေါင်းများစွာကလည်း တစ်လကျော်သာ ဖွင့်ပြီး Covid19 တတိယလှိုင်းကြောင့် ပြန်လည်ပိတ်ထားရပြန်သည်။
ကျောင်းများပိတ်ထားခဲ့ပေမယ့်လည်း အရပ်သားအစိုးရလက်ထက်က တိုင်းရင်းသားဘာသာသင်သည့် ဆရာ/မများက ရုံးဖွင့်ရက်များအတိုင်း လစာများရရှိခဲ့ကြသည်။ အရပ်သားအစိုးရလက်ထပ်တွင် တိုင်းရင်းသားဘာသာများအတွက် အစိုးရစာသင်ကျောင်းများတွင် စာသင်ချိန်လွတ်မှ စာသင်ချိန်၏ နောက်ဆုံးအချိန်များတွင် သင်ကြားခွင့်ရရှိလာခဲ့ကြသည်။ ကနဦးတွင် တိုင်းရင်းသားဘာသာသင် ဆရာ/မ (Language Teacher – LA ) ဆိုပြီး တစ်လကို သုံးသောင်းကျပ် ထောက်ပံ့မှုရရှိခဲ့သည်။ ထို့နောက်ပိုင်း LA များကို ဆရာမအကူ- လက်ထက်ဆရာ Teacher Assistant (TA) ဆိုသည့် နေ့စားလပေးပုံစံဖြင့် တိုးမြင့်ခန့်အပ်ခဲ့သည်။ LA မှာ ဆယ်တန်းအောင်မြင်ပြီးသူများ ၊ဘွဲ့ရသူများကို ဦးစားပေးပြီးခန့်အပ်ခဲ့သည်။ တစ်ရက် ၄၈၀၀ ကျပ်နှုန်းဖြင့် ရုံးဖွင့်ရက်နှင့် ကျောင်းတက်ရက်များအတိုင်းတွက်ချက်ပြီးပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် TA ခန့်အပ်မှုပိုမိုပြုလုပ်ပေးခဲ့သည်။
(၂)
ဖေဖော်ဝါရီလကစ စစ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းအများစုက CDM ပြုလုပ်ကြသည်။ တိုင်းရင်းသားဘာသာသင်သည့် ဆရာ/မများလည်း ထိုထဲတွင် အပါအဝင်ဖြစ်သည်။တချို့လည်း CDM တွင် မပါဝင်ကြပေ။ တိုင်းရင်းသားဆရာ/မများသည် စစ်ကောင်စီက ကျောင်းဖွင့်ခဲ့သည့် တစ်လအတွက် နေ့တွက်များဖြင့် လစာငွေရရှိခဲ့ကြသည်။ သို့ပေမယ့်လည်း ထိုလစာအတွက်လည်း မရရှိသူများလည်းရှိနေကြသည်။
“ ပေးမလိုပေးမလို့နဲ့ စာတင်ပြန်ပြီ ၊ အလုပ်ဝင်ကျောင်းစာသင်ဆိုလို့လည်း တင်ပြန်ပြီ ၊ ရမလိုမရနဲ့ ငကိုယ်က မစောင့်နိုင်တော့ဘူး ၊ ဒါနဲ့ထွက်ခဲ့လိုက်တာပါ့ ၊ ဒီဟာကိုပဲစောင့်မယ်ဆိုရင်လည်း ကျွန်မတို့အတွက် အဆင်မပြေဘူး ၊အဲ့တာကြောင့် မှော်ထဲကို ဝင်ခဲ့လိုက်တာ” ဟု ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီတိုင်းရင်းသားဘာသာသင်သည့် ဆရာမ နန်းခင်သန်းစိန်က ပြောဆိုသည်။
၎င်းနည်းတူ ဆရာ/မတွေလည်းများစွာရှိနေသည်။ မိသားစု လက်ငုတ်လက်ရင်းဖြစ်သည့် လယ်ယာစိုက်ပျိုးရေး ဝင်ရောက်ကူညီသူများလည်း ရှိသလို တစ်နယ်တစ်ကျေးထွက်ခွာပြီး ဝမ်းရေးအတွက် သွားရောက်လုပ်ကိုင်သူများလည်းရှိလာခဲ့ပြီဖြစ်သည်။ တချို့လည်း တတ်ထားသည့် ပညာရပ်များဖြင့် လုပ်ကိုင်စားသောက်ပြီး ကျောင်းပြန်ဖွင့်လာနိုင်မည့် နေ့ရက်များကို စောင့်နေသူများလည်းရှိနေသည်။
“ လစာလည်းမရ နေ့စားလပေးလည်းဖြစ်တော့ ၊ အလုပ်လည်းမရှိဘူးပေါ့ တခြားအလုပ်လုပ်ရအောင်လည်း သိတဲ့အတိုင်း နိုင်ငံရေးအခြေအနေကဆိုတော့ တခြားအလုပ်လည်းမရှာဖြစ်ဘူး ။ ဝင်ငွေလည်းမရှိဘူး ၊ အိမ်မှာပဲဒီအတိုင်း ငုတ်တုတ်ထိုင်နေရတာ ၊ ရွာမှာက တောင်သူတွေဆိုတော့ တခြား မြက်နုတ်တို့ ၊ နေ့စားအငှားလိုက်တို့ အဲ့လိုတွေ လုပ်နေရတာပေါ့” ဟု မိုးညှင်းမြို့နယ် ကွင်းကြီးကျေးရွာရှိ စာသင်ကျောင်းတွင် တာဝန်ကျသည့် ရှမ်းနီဆရာမက ပြောဆိုသည်။
ရှေ့မတိုး နောက်မဆုတ်ရပ်တန့်နေသည့် အခြေအနေကြောင့် ရှမ်းနီဆရာ/မ အလုပ်ကို စွန့်လွတ်ရန်အတွက် စဉ်းစားနေသူများလည်းရှိနေသည်။ မရေရာသည့် အနာဂတ်အတွက်လည်း ၎င်းတို့ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ၎င်းတို့အတွက် အဖြေရှာရန်အတွက်လည်း လိုအပ်နေဆဲပင်ဖြစ်သည်။
(၃)
“ စာပေယဉ်ကျေးမှုအဖွဲ့တွေကောအားလုံးကော ဒီကိစ္စကို တိုင်ပင်ဖို့သင့်တယ်လို့မြင်တယ်” ဟု ဗန်းမောက်မြိုန့ယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီက စိုင်းထွန်းမြင့်ကဆိုသည် ။ စာသင်ကျောင်းများတွင် ရှမ်းနီဆရာ/မတစ်ဦး ထားရှိနိုင်ရေးအတွက် အခက်အခဲများစွာရင်ဆိုင်လာခဲ့ကြရသည်။ Language Teacher တစ်ဦးရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနဘက်မှ တောင်းသည့် သတ်မှတ်ချက်များစွာကို ဖြည့်ဆည်းပေးရသည်။ ထို့နောက် TA ရရှိရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနကို အကြိမ်ကြိမ်တောင်းဆိုပြီးမှ သာ ရရှိခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုပြန်လှည်ဖော်ထုတ်ရေး အတွက် ဆယ်စုနှစ်များစွာကြာ ကြိုးပမ်းလာခဲ့ပြီးမှ တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားလျှင် ရှမ်းနီတိုင်းရင်းသား၏ စာပေအတွက် များစွာဆုံးရှုံးမှုဖြစ်သည်။ ရှမ်းနီဆရာ/မ တစ်ဦးသည်ပင်လျှင် တန်ဖိုးထားတတ်လျှင် နောင်ဖြစ်လာမည့်အနာဂတ်အတွက် များစွာ အကျိုးရှိမည်ဖြစ်ပေသည်။ ထိုသို့သောကြောင့် တာဝန်ရှိသည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့အစည်းအသီးသီးက ဒီကိစ္စကို အလေးထားရန်လိုအပ်သည်။ သို့မှသာ ရှမ်းနီစာပေ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ရေရှည်တည်တံ့ရေးအတွက် ဒေါက်တိုင်တစ်ခု မြဲမြဲရှိနေမည်ဖြစ်ပေသည်။