လမ်းပိုင်းပိတ်ထားတဲ့ ဖားကန့်-ကာမိုင်းလမ်းမှာ ဖမ်းဆီးခံထားရတဲ့ ခရီးသည်တင် ၉ စီး ပြန်မလွှတ်သေး 

ဧပြီ ၂၉ ၊ ဖားကန့် 

ဖားကန့်-ကားမိုင်းလမ်းပိုင်းတစ်နေရာမှာခရီးသည်တင်ယာဉ် ၉ စီးနဲ့ယာဉ်မောင်းတွေကို KIA+PDF ပူးပေါင်းတပ်တွေက ဖမ်းဆီးထားတာ (၄)ရက်ကြာမြင့်တဲ့အထိ ပြန်လည်လွှတ်မြောက်ပေးခြင်းမရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။ 

ဧပြီလ ၂၆ ရက်နေ့မှာယာဉ်မောင်းအပါအဝင် ခရီးသည်တွေအားလုံးဖမ်းဆီးခံခဲ့ရပြီး ခရီးသည်တွေကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ ခရီးသည်တွေကိုတော့ပြန်လွှတ်တယ် ကားသမားတွေကိုတော့ပြန်မလွှတ်ဘူး ကားရောလူရောဖမ်းထားတယ် သူတို့နေရာမှာခေါ်ထားတယ်ကြားတယ် နောက်ထပ်ဘာမှမကြားရသေးဘူး” လို့ ဒေသခံ တစ်ဦးက ရှမ်းနီအသံကိုပြောပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို တားဆီးနိုင်ရန်အတွက် ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ဧပြီ(၂၃)ရက်နေ့ မနက်ပိုင်း(၁၀)နာရီကနေစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ပင်လိုက်တာပါ။ 

စစ်ကော်မရှင်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒီလမ်းပိုင်းကိုပိတ်ပင်မယ့်အကြောင်းကို KIA ရဲ့တပ်မဟာ(၉) ၊တပ်ရင်း(၆)မှလည်းထုတ်ပြန်ကြေညာထားပါတယ်။

လမ်းပိတ်ပြီး နောက်တစ်ရက်အကြာမှာလည်း ခရီးသည်တင်ယာဉ်တစ်စီးပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။ 

လမ်းပိုင်းပိတ်ပင်ထားမှုတွေကြောင့် ဖားကန့်မြို့နယ်ကိုတက်မယ့် ကားအစီးရာနှင့်ချီလည်း ပိတ်မိနေပြီး ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဒီစစ်ကြောင်းထိုးမှုကို ထိန်းချုပ်ရပ်တန့်နိုင်ဖို့  ကာမိုင်းမရောက်မှီ နန့်ယားကျေးရွာလမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့PDF ပူးပေါင်းတပ်ဖွဲ့များက ယာဉ်အဝင်အထွက်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သလို ခြုံခုံတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *