အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် ကာလုံအမှုဆောင်အရာရှိချုပ်ဦးအောင်လင်းဒွေးကို တာဝန်ပေး

မတ်လ(၁၈)၊နေပြည်တော် 

ပြည်သူ့လွှတ်တော် ခေါ်ယူပြီးနောက် ဒီနေ့မနက်ပိုင်းမှာ နောက်ထပ်အမျိုးသားလွှတ်တော်ကျင်းပခဲ့ပြီး  ဥက္ကဌအဖြစ် စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ ဦးအောင်လင်းဒွေးကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဦးအောင်လင်းဒွေးက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိမှာလည်းတာဝန်ယူနေသူလည်းဖြစ်သလို မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ရွေးချယ်ခံထားရသူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဂျာဖမ်းနော်တောင်က  ယခုအမျိုးသားလွှတ်တော်မှာ ဒုတိယဥက္ကဌဖြစ်လာပါတယ်။

ဦးအောင်လင်းဒွေးနဲ့ Jeng Phang နော်တောင် တို့ဟာ အမျိုးသားလွတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ ဖြစ်လာမယ့်အကြောင်း မနေ့ကစလို့ သတင်းတွေပေါက်ကြားထားတာလည်းဖြစ်ပါတယ်။ 

ဒီအမျိုးသားလွှတ်တော်အစည်းအဝေးကို ကချင်ပြည်နယ်က ရှမ်းနီတိုင်းရင်းသားပါတီဖြစ်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) ကိုယ်စားလှယ် ဦးစိုင်းစိန်လွင်ဦးလည်း တက်ရောက်နေပါတယ်။ 

အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်စုစုပေါင်းနေရာ (၂၂၄)နေရာရှိပြီး  ပြည်သူလူထုက ဆန္ဒမဲပေးထားသူ (၁၆၈)ဦး၊  စစ်တပ်က ရွေးချယ်ထားသူ (၅၆)ဦးတို့ ပါဝင်ပါတယ်။

ဒီထဲ ကြံ့ခိုင်ရေးပါတီက နေရာ(၁၀၈)နေရာနဲ့အများဆုံးရရှိထားပြီး  တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက (တစည)က ၁၆ ဦးနဲ့ ကျားနီပါတီက (၁)ဦးအပါအဝင် ကျန်တိုင်းရင်းသားပါတီများက အသီးသီးနေရာရရှိထားပါတယ်။ 

ပြီးခဲ့တဲ့မတ်လ (၁၆)ရက်နေ့မှာ  ပြည်သူ့လွှတ်တော်စတင်ခေါ်ယူခဲ့ပြီး ဥက္ကဌအဖြစ် ဦးခင်ရီတာဝန်ပေးခံရပြီး လာမယ့် မတ်(၂၀)မှာ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ကို နောက်ဆုံးခေါ်ယူသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *