နိုဝင်ဘာ ၁၅ ၊ ချင်းမိုင်
အာဆီယံရဲ့ အလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံ သမ္မတက စတင်တာဝန်ယူသွားမှာဖြစ်ကာ ဥက္ကဌအသစ်အနေနဲ့ မြန်မာ့ပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုကော်မတီ PPST က ဆိုပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ PPST ရဲ့ ဦးဆောင်မှုကော်မတီအစည်းအဝေးကနေ အချက်(၄) ချက်ပါတဲ့ သဘောထားတွေကိုချမှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်အကောင်အထည်ဖော်မှုတွေမှာလည်း စစ်ကောင်စီ ပူးပေါင်းပါဝင်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန် တိုက်တွန်းချက်ကိုလည်း ထောက်ခံကြိုဆိုတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသဘောထားကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုတဲ့ ပြောကြားချက်ကိုလည်း ထောက်ခံကြောင်းဆိုထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေး အတွက်လုပ်ဆောင်နေတယ်လို့ NCA လက်မှတ်ရေးထိုးခြင်း ၇ နှစ်ပြည့်နေ့မှာ PPST ကပြောဆိုထားပါတယ်။