“၀” ၊မိုင်းလားနှင့် SSPP/SSA  အဖွဲ့ (၃) ဖွဲ့ငြိမ်းချမ်းရေးအတွက်နေပြည်တော်ကိုရောက် 

စက်တင်ဘာ ၂၆ ၊ နေပြည်တော် 

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ​(၃) ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် စက်တင်ဘာလ ၂၅ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးပွဲကို UWSA က ဒုဥက္ကဌ ဦးလော့ယာကု ၊​ NDAA က ဒုဥက္ကဌ ဦး စန်းပေ့ နှင့် SSPP/SSA က  ဒုဥက္ကဌ (၂) စဝ်ခွန်ဆိုင်တို့ က စုပေါင်းပြီး ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

UWSA ၊ NDAA နဲ့ SSPP/SSA တို့ပါဝင်တဲ့ FPNCC အဖွဲ့ဝင်တွေ့ဆုံပွဲတစ်ခုကို  စက်တင်ဘာလဆန်းက ပန်ဆန်းမြို့မှာ တွေ့ဆုံမှုတစ်ခုရှိခဲ့ကြပြီး တွေ့ဆုံမှုရဲ့ အကြောင်းအရာကိုတော့ မသိရှိရပါဘူး။ 

စစ်ကောင်စီ ဥက္ကဌ က ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ၂၀၂၂ ခုနှစ် မေလမှ ဖိတ်ခေါ်ခဲ့ပြီး ပထမအကြိမ်မှာ တစ်ဖွဲ့ချင်းစီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ 

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ကိုယ်စားလှယ်အဖွဲ့က မေ ၃၀ ရက်၊   NDAA (မိုင်းလား) အဖွဲ့က  ဇွန် ၄ ရက်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဩဂုတ် ၄ ရက်တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ 

ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *