ကျောင်းပြင်ပရောက်ကလေးများကို အရည်အချင်းစစ်စာမေးပွဲစစ်ပြီး  အတန်းတက်ခွင့်ပြုမည်

မေ ၂၁၊ နေပြည်တော်

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်မှစပြီး  အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပကိုရောက်ရှိနေတဲ့  မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းသား/သူများကို အရည်အချင်းစစ်စာမေးပွဲ (Placement Test) ကို ပညာအရည်အချင်းနဲ့ အသက်အရွယ်အရ ကိုက်ညီတဲ့ အတန်းတက်ရောက်နိုင်ဖို့အတွက်ဖြေဆိုခွင့်ပြုမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

မနေ့က မေ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး လျှောက်ထားနိုင်သူများမှာ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ဖူးသူဖြစ်ရမယ်လို့ ပါရှိပါတယ်။

Placement test ဖြေဆိုခြင်းကို လာမယ့် ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အတွင်း (၆ ) ရက် ဖြေဆိုခွင့်ပြုထားပါတယ်။ 

စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ကျောင်းသား/သူများ အနေနဲ့ သက်ဆိုင်ရာ  မြို့နယ်ပညာရေးမှူးရုံးများထံ မေလ ၂၂ ရက်မှ ဇွန်လ ၅ ရက်အတွင်း လာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံထဲမှာတော့ နောက်ဆုံးတက်ရောက်ခဲ့တဲ့ ကျောင်းမှ နောက်ဆုံးအောင်မြင်ခဲ့တဲ့ အတန်းရဲ့ ကျောင်းထောက်ခံစာမူရင်း (သို့) မိတ္တူကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ 

ဒီလိုတင်ပြခြင်းမရှိရင်လည်း  အရေးပေါ်အခြေနေ ကြေငြာထားတဲ့ မြို့နယ်အတွင်းကကျောင်းမှာ တက်ရောက်ခဲ့တဲ့  ကျောင်းသားဖြစ်ကြောင်း အထောက်အထားနဲ့ ရက်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ဖြင့်လျှောက်ထားလို့ရကြောင်း သိရပါတယ်။ 

လျှောက်လွှာကိုလည်း  မေလ ၂၂ ရက်မှ ဇွန်လ ၅ ရက်အတွင်းနောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားလို့ရတယ်လို့  ဆိုပါတယ်။

ဒါ့အပြင်  မိမိအသက်အရွယ်အရ တက်ရောက်သင်ယူရမယ့် အတန်းရဲ့ တစ်ဆင့်နိမ့် အတန်း Placement Test ကို ဖြေဆိုရမှာဖြစ်ပြီး တစ်ဆင့်နိမ့် အတန်းကို တက်ရောက်လိုပါကလည်း အဲဒီအတန်းရဲ့ တစ်ဆင့်နိမ့် အတန်းကို ဖြေဆိုရမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ Placement Test ကျရှုံးပါက  ဖြေဆိုတဲ့အတန်းကိုသာ တက်ရောက် ပညာသင်ယူရမှာ ဖြစ်ပြီး ဖြေဆိုတဲ့အတန်းနဲ့ မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှု ရှိရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *