
ဩဂုတ် ၂၁ ၊ အင်းတော်ကြီး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကျားဖြူစစ်ကြောင်း နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံများအတွက် မိုးညှင်းမြို့ပေါ်မှာ စစ်ရှောင်စခန်းတည်ဆောက်ထားသင့်တယ်လို့ စစ်ရှောင်ကူညီနေသူများက ဆိုကြပါတယ်။
“ မိုးညှင်းမှာ စစ်ရှောင်စခန်းဆောက်ပေးနိုင်ရင်တော့သင့်တော်တယ်လို့ ထင်တယ် တတ်နိုင်တဲ့သူတွေကအမျိုးအိမ်တွေမှာနေနိုင်ပေမယ့် လုံးဝမတတ်နိုင်တဲ့သူတွေဆို မြို့ပေါ်မှာနေလို့အဆင်မပြေဘူးလေနော့ ဖွင့်ထားမှပဲအဆင်ပြေမယ် တစ်ရက်နှစ်ရက်တည်းမဟုတ်ဘူးလေ လချီပြီးသွားမယ်ဆိုတော့ စစ်ရှောင်စခန်းဆောက်ပေးနိုင်ရင်ပိုကောင်းတာပေါ့နော့’ ဟု အင်းတော်ကြီးဒေသ၊မမုန်ကိုင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
ကျားဖြူစစ်ကြောင်းထိန်းချုပ်ထားတဲ့ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာအနီးတို့မှာ တိုက်ပွဲတွေရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မိုးညှင်းမြို့ပေါ် ကို ဒေသခံအချို့စစ်ဘေးရှောင်တာတွေရှိနေတာလည်း ဖြစ်ပါတယ်။
“ မိုင်းနောင်ရွာဘက်ကနေ မိုးညှင်းကိုရှောင်လာကြတဲ့သူတွေ ရှိတော့ရှိတယ် ထွက်ခဲ့တဲ့သူတွေရှိတယ် အကုန်လုံးတော့မဟုတ်ဘူး KPDF ဘက်ကပြီးခဲ့တဲ့ သူတို့ပြန်မတိုက်ခင်က ငါးရက်အတွင်းထွက်ထားဆိုပြီး မိုင်းနောင်မမုန်ကိုင်ရွာသားတွေကို သတိပေးတယ် ဒါကြောင့်ကြောက်လို့ အဲ့ရက်တွေတုန်းကထွက်ခဲ့ကြတာတွေတော့ရှိတယ်’ဟု မိုးညှင်းမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ခဲ့သူ ရှမ်းနီတိုင်းရင်းသား အမျိုးသားတစ်ဦးက အခုလိုဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ပိတ်ပင်ခံထားခဲ့တဲ့ နန့်မွန်း-ဟိုပင်-မိုးညှင်းလမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်ကာသွားလာခွင့်ပြုထားပြီဖြစ်တယ်လိုလည်း သိရပါတယ်။
မမုန်ကိုင်နှင့် မိုင်းနောင်ကျေးရွာတွေကို SNA ကျားဖြူစစ်ကြောင်းက ဇူလိုင်လ ၁၆ ရက်နေ့မှာ ထိန်းချုပ်စိုးမိုးခဲ့တာဖြစ်ပြီး တစ်လအကြာမှာပဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေရဲ့ပြောဆိုမှုအရ ပြီးခဲ့တဲ့ဩဂုတ်လ ၁၉ ရက်နေ့အထိတော့ တိုက်ပွဲတွေဟာ ငြိမ်သက်သွားပြီး လက်နက်ကြီးပစ်ခတ်သံတချို့ကိုတော့ ကြားနေရဆဲရှိတယ်လို့ဆိုပါတယ်။
သို့သော် KIA+PDF ပူးပေါင်းတပ်များထိန်းချုပ်ထားတဲ့ အင်းတော်ကြီးအရှေ့ဘက််ကမ်းအင်းမြှီးသို့ သွားလာခွင့်လမ်းပိုင်းတွေကို လုံးတုံမြို့စစ်တပ်ဂိတ်က မကြာခဏဆိုသလိုပိတ်ပင်လေ့ရှိပြီး ပစ္စည်းများသယ်ဆောင်ခြင်းကိုလည်းကန့်သန်မှုတွေရှိနေကြောင်း သိရပါတယ်။
“ မိုးညှင်းကနေလာရင် နန့်မွန်း၊ မမုန်ကိုင် မိုင်းနောင်အထိသွားလို့ရတယ် ကားရောလူရောအကုန်သွားလို့ရတယ် သယ်လို့ရတယ်ပစ္စည်းတွေလည်း တကယ်လို့လုံးတုံဟိုဘက်ကျော်မယ်ဆိုမရတာ ကျော်မယ်ဆို ဆိုင်ကယ်တောင်အထုပ်လေးတင်သယ်သွားလို့တောင်မရဘူး’ဟု အင်းမြှီးဒေသရဲ့လမ်းပိုင်းကန့်သတ်မှုအခြေအနေကို ဒေသခံက ပြောပြပါတယ်။
ဒီလိုလက်နက်ကိုင်တပ်ဖွဲ့များအသီးသီးရဲ့ မတူညီတဲ့တင်းကြပ်ကန့်သတ်မှုတွေကြောင့် အင်းတော်ကြီးဒေသခံများအနေဖြင့် လမ်းပိုင်းဆက်သွယ်ရေးနဲ့ ကုန်ပစ္စည်းပြတ်လတ်မှု အခက်အခဲများစွာဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်
