
လေယာဉ်ဘီးတွေ မြေပြင်ကိုထိလိုက်တဲ့အချိန်မှာပဲ ရှမ်းနီဒေသခရီးစဉ် စတင်ခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်အနေနဲ့ စာအုပ်တွေ၊ မှတ်တမ်းတွေထဲက ရှမ်းနီဒေသမဟုတ်ဘဲ တကယ့်မြေပြင်က ရှမ်းနီဒေသကို ကိုယ်တိုင်မြင်ချင်ခဲ့တာပါ။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်း လေယာဉ်ကွင်းအနီးက ထမင်းဆိုင်လေးမှာ ဝင်စားခဲ့တဲ့ ထမင်းဆီဆမ်းနဲ့ ကြက်ဥတစ်ပွဲဟာ ကျပ်နှစ်သောင်းပါ။ အံ့ဩသွားမိပါတယ်။ မန္တလေး၊ရန်ကုန်မြို့မှာ ဒီငွေနဲ့ လူနှစ်ယောက်၊ သုံးယောက်စားလို့ရတဲ့ပမာဏလေ။ ဒီမှာတော့ ဓာတ်ဆီတစ်လီတာ ၁၅,၀၀၀ ကျပ်၊ ရေသန့်တစ်ဗူး ၅,၀၀၀ ကျပ်၊ ကွမ်းယာတစ်ဝါး(တစ်ယာ) ၅၀၀ ကျပ်။ ဆိုင်ကယ်ငှားခ၊ ကားခတွေကလည်း အောက်ပိုင်းမြို့တွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ကွာခြားနေတယ်။ဟုမ္မလင်းမှာ ပိုက်ဆံသုံးသောင်း၊ လေးသောင်းဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်သွားနိုင်တယ်။ ဒါပေမယ့် မန္တလေးမှာဆို ဒီငွေနဲ့ တစ်နေ့တာ မြို့ပတ်သွားလာဖို့တောင် လုံလောက်တာထက်ပိုနေသေးတယ်။
ခရီးစဉ်အစမှာ ပထမဆုံးအတွေးဝင်မိတာက “ ဒီဒေသမှာ အသက်ရှင်ရပ်တည်ဖို့တောင် ကုန်ကျစရိတ်ဟာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပြီ” ဆိုတာပါပဲ။
ဟုမ္မလင်းကနေ ဗန်းမောက်ဘက်ကိုကားနဲ့ထွက်လာတော့ ကားထဲမှာ အဆိုတော် ပီစိုင်းဆိုင်မောဝ် ရဲ့ “မူဆယ်-နန့်ခမ်းလမ်း” သီချင်းလေး ဖွင့်ထားတယ်။ ဒီဒေသကတော့ ရှမ်းပြည်မဟုတ်တဲ့ ရှမ်းနီမြေ။သီချင်းသံနဲ့အတူ ကားပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ တောင်ပေါ်ဒေသလမ်းမဟုတ်ဘဲ မြေလတ်ဒေသခရီးသွားရသလိုပါပဲ။ စိတ်ထဲမှာတော့ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ လယ်ကွင်းတွေ၊ ထွန်ယက်နေတဲ့ တောင်သူတွေကို မြင်ရမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် မျက်စိရှေ့မှာ ပေါ်လာတာက ရွှေမျှောတွေ၊ မြေသားတွေကို တူးဖော်ပြီးသား ကျင်းကြီးတွေ၊ ဖုန်မှုန့်တွေ၊ သဲပုံတွေ။ တစ်ချိန်က စိမ်းလန်းခဲ့မယ်လို့ ယုံကြည်ထားတဲ့ မြေပြင်ဟာ အခုတော့ သဲကန္တာရတစ်ခုလို ခြောက်သွေ့နေခဲ့တယ်။ လယ်ထွန်တာ မမြင်ရဘူး။ကောက်စိုက်သီချင်းညည်းသံ မကြားရဘူး။ မြင်ရ ၊ကြားရ၊တွေ့ရတာက စက်ယန္တရားကြီးတွေရဲ့ပုံရိပ်နဲ့ဆူညံသံတွေပဲ။
ဟုမ္မလင်းမြို့ကနေ ဗန်းမောက်မြို့ကို သွားတဲ့လမ်းပိုင်းဟာ ဥရုချောင်းအတိုင်း ခရီးတစ်ဝက်ကျော်ဆန်တက်သွားရတာပါ။ ဥရုမြစ်( ဒေသအခေါ် ဥရုချောင်း ) ဟာ ရှမ်းနီဒေသ၊ရှမ်းပြည်သူတွေရဲ့ အသက်သွေးကြောပါ။ တစ်ချိန်က ကြည်လင်စီးဆင်းခဲ့တဲ့ ရေဟာ အခုတော့ နှုန်းရေတွေ၊ မြေစာတွေနဲ့ ဝါညစ်ညစ်အရောင်ပြောင်းနေပြီ။ မြစ်ဟာ အသက်မဲ့လာတယ်။ လယ်တွေ၊ယာတွေ ပျောက်ဆုံးသွားတယ်။ဒါတွေနဲ့အတူ လူတွေရဲ့ မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့တယ်။
ဒေသခံတစ်ယောက်ကို မေးကြည့်မိတယ်။ “အခု ဘာလုပ်စားကြလဲ…” သူက ခဏတိတ်ဆိတ်နေပြီး…
“ရှိတဲ့သူက ရွှေမျှောလုပ်တယ်။ မရှိတဲ့သူက သူများရွှေမျှောမှာ အလုပ်သမားလုပ်တယ်။ တချို့က အိမ်ရှေ့မှာ ဟင်းသီးဟင်းရွက်စိုက်ပြီး ရောင်းစားတယ်။” လို့ ပြန်ဖြေတယ်။အဲဒီအဖြေထဲမှာ ပျော်ရွှင်မှုမရှိဘူး။ ရွေးချယ်ခွင့်မရှိတဲ့ လူတွေရဲ့ ဘဝကိုပဲ မြင်ခဲ့ရတယ်။ ဒေသခံအများစုက ရိုးသားတယ်၊ ပွင့်လင်းတယ်၊စိတ်နှလုံးဖြူစင်တယ်။ဒါပေမယ့် သူတို့ရဲ့ လယ်ယာမြေတွေကတော့ တန်ဖိုးနည်းနည်းနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ရွှေတူးဖော်ရာက ထွက်လာတဲ့ နှုန်းရေတွေကို လယ်တွေထဲ စွန့်ပစ်တယ်။စိုက်ပျိုးလို့ မရတော့တဲ့အခါ…မြေရှင်ဟာ ကိုယ့်မြေကို ကိုယ်မရောင်းချင်ဘဲ ရောင်းရတဲ့အခြေအနေကို ရောက်သွားတယ်။ဒါဟာ မြေတစ်ကွက် ဆုံးရှုံးတာထက် ပိုတဲ့အရာက ဘဝတစ်ခု ဆုံးရှုံးတာပဲ။
ကားက ဥရုချောင်းဘေးနဲ့ယှဉ်လျက် လမ်းပေါ်ကနေ တစ်ရွာပြီးတစ်ရွာဆက်သွားနေပါတယ်။ ဟုမ္မလင်းမှာ ကုန်ဈေးနှုန်းတွေ ဘာကြောင့် ဒီလောက်မြင့်နေတာလဲ။အဖြေကတော့ လမ်းပေါ်မှာ ရှိနေတယ်။ကုန်ကားတွေဟာ ဂိတ်အဆင့်ဆင့်ကို ဖြတ်ရတယ်။ စစ်တပ်ဂိတ်ကစလို့ တော်လှန်ရေးတပ်တွေရဲ့ဂိတ်အဆုံး ငွေလမ်းခင်းပြီး ကုန်စည်တွေဟာ ရောက်ရှိလာတာပါ။ ဂိတ်တွေအဆင့်ဆင့်တိုင်းကြောင့် ကုန်ကျစရိတ်တွေ ထပ်တိုးတယ်။လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။မန္တလေး၊ရန်ကုန်မှာ ကျပ်တစ်ရာတန် လက်ဖက်ထုပ်ဟာ ဒီမှာ တစ်ထောင်၊ တစ်ထောင့်ငါးရာ ဖြစ်သွားတယ်။ အခြေခံစားသောက်ကုန်တောင် ဒီလိုဖြစ်နေတဲ့အခါ ဒေသခံတွေရဲ့ နေ့စဉ်ဘဝကို တွေးကြည့်နိုင်ပါတယ်။



ဒီခရီးမှာ ကလေးအမေတစ်ယောက်ကို တွေ့ခဲ့တယ်။မိုးကာတဲလေးအောက်မှာ ဖျာခင်းပြီးထိုင်နေတယ်။ရှေ့မှာ ဟင်းမပါတဲ့ ထမင်းပန်းကန်တစ်ချပ်။ဘေးမှာ အစာရေစာမဝလင်ခဲ့တာတွေကြောင့် ဗိုက်ဖောင်းနေပြီး ကိုယ်လုံးသေးသွယ်တဲ့ ကလေးတစ်ယောက်ရှိနေတယ်။ ဆာလောင်နေတဲ့ကလေးကို အမေက ထမင်းတစ်လုတ်ချင်း ခွံ့ကျွေးနေတယ်။ရွှေမျှောတွေကြားမှာ စိမ်းပြာရောင် မိုးကာတဲလေးတွေ တန်းစီနေတာကို မြင်နေရတယ်။ဒီတဲတွေဟာ အလုပ်သမားတဲတွေ မဟုတ်ဘူး။စစ်ဘေးရှောင်ပြည်သူတွေရဲ့ ယာယီအိမ်လေးတွေ။တဲကုတ်လေးတွေထဲမှာ မွတ်သိပ်ဆာလောင်နေတဲ့ကလေးတွေရှိတယ်။အိုမင်းသူတွေရှိတယ်။အနာဂတ်ပျောက်ဆုံးသွားတဲ့ လူငယ်တွေလည်း ရှိတယ်။ ဒီခရီးက လှပတဲ့ ရှုခင်းတွေ မပြသခဲ့ဘူး။ဒါပေမယ့် လူတွေရဲ့ ဘဝအစစ်အမှန်ကို မြင်ခွင့်ပေးခဲ့တယ်။သဲကန္တာရဖြစ်လာတဲ့ မြေပြင်ထက် ပိုပြီး ခြောက်သွေ့နေတာက လူတွေရဲ့ မျှော်လင့်ချက်တွေ။ဝါညစ်နေတဲ့ ဥရုချောင်းရေထက် ပိုပြီး မည်းမှောင်နေတာက ဒေသခံတွေရဲ့ အနာဂတ်တွေပါ။
သုံးနာရီကြာကားစီးသွားပြီးတဲ့အခါမှာ ဥရုချောင်းဟာ လမ်းနဲ့တဖြည်းဖြည်းဝေးလာခဲ့ပါပြီ။ တောင်တက်လမ်းတွေဘက်ကို ကားကဦးတည်နေပြီ။ ဗန်းမောက်-ဟုမ္မလင်းလမ်းပိုင်းကို အစိုးရတွေက တရားဝင်ဖောက်လုပ်ထားတာမဟုတ်ကြပါဘူး။ ရှမ်းနီသံဃာတော်တွေ၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေက ကိုယ်ထူကိုယ်ထဖောက်လုပ်ပြီး ရှမ်းနီလူမျိုးတွေအကြား နီးစပ်အောင်ဆောင်ရွက်ခဲ့ကြတာပါ။ ရှမ်းနီလက်နက်ကိုင်တပ်တွေက နောက်ပိုင်းမှာ လမ်းပိုင်းကိုထိန်းသိမ်းပြီးလုံခြုံရေးကိုဆောင်ရွက်နေကြတာပါ။ အခုတော့နွေမှာ တောင်တက်လမ်း ၊မြေပြင်လမ်း နဲ့သွားလို့ရနိုင်ပြီး ၊ မိုးရာသီမှာတော့ ချောင်းကြီးချောင်းကို အားထားပြီး စက်လှေနဲ့အသုံးပြုသွားလာကြရတာပါ။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ရှမ်းနီဒေသဟာလည်း သွားလာရေး၊ဆက်သွယ်ရေး၊ အုပ်ချုပ်ရေးတွေ အလှည့်အပြောင်းများစွာကြုံတွေ့နေရတာပါ။ မိုးရွာရင် ဗွက်ထတဲ့လမ်းပိုင်း ၊ နေပူရင် ဖုန်ထတဲ့လမ်းတွေပေါ် ကားဘီးက တလိမ့်ပြီးတစ်လိမ့် .. ။
တစ်နေ့နေ့မှာတော့ …. ဥရုချောင်းရေ ပြန်ကြည်လင်လာမလား။ လယ်ကွင်းတွေ ပြန်စိမ်းလန်းလာမလား။
ကလေးတွေရဲ့ ရယ်သံတွေ ပြန်ကြားရမလား။ အဲဒီမေးခွန်းတွေကို ရင်ထဲမှာပဲ သယ်ဆောင်ရင်း …ဟုမ္မလင်းဟာ ဟိုးအဝေးမှာ ကျန်ခဲ့ပါပြီ…။
