
ဇန်နဝါရီ ၈ ၊ မြစ်ကြီးနား
မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်းများကို ဒီဇင်ဘာလ ဒုတိယပတ်မှစပြီး PDF ပူးပေါင်းတပ်များမှ ယာယီပိတ်ထားခဲ့ရာမှ မနေ့က ဇန်နဝါရီ (၇ )ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ပေးနေတယ်လို့သိရပါတယ်။
မြစ်ကြီးနား-မန္တလေး လမ်းပိုင်းဖြစ်တဲ့ ခင်ဦးမြို့ မြေနီသျှိုလမ်းဆုံအနီးတွင် ဒီဇင်ဘာလ (၁၈) ရက်နေ့က စစ်ကောင်စီမှလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နယ်မြေစစ်ရေးအခြေအနေမတည်ငြိမ်သောကြောင့် ယာယီပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
ယခု အုန်းတော–ရွှေဘို လမ်းပိုင်းကို မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း ပုံမှန်ပြန်လည်အသုံးပြုခွင့်ပြုလိုက်ပြီလို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-မန္တလေး လမ်းပိုင်းဖွင့်ထားပေမယ့် မိန်းလမ်းပိုင်းများကိုတော့ ပိတ်ထားဆဲဖြစ်ပြီး ကွင်းလမ်းတွေကနေသွားလာကြရကာ မြစ်ကြီးနား အတက်ခရီးကို (၃) ရက် (၂)ညအိပ်ကြာမြင့်သလို အဆင်းလမ်းပိုင်းကိုတော့ ၂ ရက်ခရီး ကြာမြင့်တယ်လို့ဆိုပါတယ်။
“ လမ်းကြောကတော့ကွင်းတာလေ ကွင်းလမ်းကတော့အများကြီးပဲ ကွင်းတာပဲသူတို့ကတော့ မိန်းလမ်းကို ဘယ်ကကွင်းတာလည်းဆိုတာတော့ အတိအကျမသိဘူး သွားတာတော့နေ့တိုင်းသွားတယ်။ အဆင်းကတော့မြန် တယ် အတက်ကြတော့ ၃ရက်ခရီး အဲ့လိုကြာတယ်။ အဆင်းကတော့ ၁ ညအိပ် (၂ )ရက် ဆိုရင်ရောက်ပြီမန္တလေးကို အဲဘက်ကနေအတက်ကတော့ ၂ ရက် ၃ရက်ကြာတယ်”လို့ ခရီးသွားသူတစ်ယောက်က အခုလို ပြောပြပါတယ်။
နောက်ပြီး မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက PDF တပ်တွေကို စစ်တပ်မှ စစ်ကြောင်းထိုးတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဖြတ်သန်းသွားလာနိုင်ခြင်း မရှိခဲ့တဲ့လမ်းတစ်ခုလည်းဖြစ်ပါတယ်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ကို ကူးသန်းသွားလာရေးအတွက် အရေးပါတဲ့ အဓိက လမ်းကြောင်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ စစ်ကော်မရှင်တို့ စစ်ရေးတင်းမာမှုတွေကြောင့် လမ်းကြောပိတ်ဆို့မှုများ ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။
