
ဇန်နဝါရီ ၈ ၊ ဝိုင်းမော်
ရွေးကောက်ပွဲ ဒုတိယအပိုင်းမှာပါဝင်မယ့် ဝိုင်းမော်မြို့နယ်မှာ မဲရုံ (၂၉) ရုံသာထားရှိသွားမှာဖြစ်ပြီးတော့ ဒေသခံတွေကို မဲလာထည့်ကြဖို့ ညတိုင်းနှိုးဆော်မှုတွေပြုလုပ်နေတယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။
“ ခုရက်ပိုင်း ရွာတိုင်းမှာတော့ ညတိုင်းမဲလာထည့်ဖို့အော်နေတာပဲ အဝေးရောက်ကိုယ်စားတွေထည့်မရ ဘူးပြောတယ် နာမည်တွေတော့ကပ်ထားတယ် လူကိုယ်တိုင်လာထည့်မှရမှာပေါ့နော် ထည့်တော့ထည့်ရမှာပေါ့” လို့ ရွာခံတစ်ဦးက ပြောဆိုပါတယ်။
ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ (၂၀၂၀) ရွေးကောက်ပွဲတွင် ရပ်ကွက် (၁၃) ရပ်ကွက် ၊ ကျေးရွာ (၂၆) အုပ်စုအတွက် မဲရုံပေါင်း (၅၄) ရုံရှိခဲ့ပြီး အခု (၂၀၂၅) ရွေးကောက်ပွဲမှာတော့ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀) အုပ်စုအတွက် စုစုပေါင်း မဲရုံ(၂၉) ရုံရှိမှာဖြစ်ကာ ယခင်ထက် ထက်ဝက်နီးပါးလျော့ကျလာနေတာလည်းဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းပါဝင်တဲ့ ဆဒုန်းမြို့ နဲ့ ကံပိုက်တည် မြို့တွေ အပါအဝင် ကျေးရွာ အုပ်စု ၃၈ ခုမှာ ရွေးကောက်ပွဲပြုလုပ်မှာမဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကံပိုက်တည်မြို့ နဲ့ ဆဒုန်းမြို့တွေကို ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက (၂၀၂၄) ခုနှစ်ကတည်းက သိမ်းပိုက်စိုးမိုးထားတာဖြစ်ပါတယ်။
ဝိုင်းမော်မြို့ပေါ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မိုင်းနားကျေးရွာမှာ ရွေးကောက်ပွဲကော်မရှင် နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့က စမ်းသပ်သရုပ်ပြနေမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ရှမ်းနီပါတီ၊ ကချင်ပါတီ (၂)ပါတီ ၊ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူးပါတီ ၊PPP ပါတီတို့ဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ဒုတိယအပိုင်းမှာ ကချင်ပြည်နယ်အတွင်းက ဝိုင်းမော် မြို့နဲ့ မိုးကောင်းမြို့တို့ပါဝင်နေပြီး တတိယအပိုင်းမှာတော့ ဗန်းမော် ၊ ရွှေဂူ၊ မိုးမောက် ၊ မံစီ၊ ဖားကန့်မြို့တို့ပါဝင်သွားမယ်လို့သိရပါတယ်။
