
ဧပြီ ၂ ၊ ဖားကန့်
ဖားကန့်မြို့အနီးရှိ အမှိုက်ပုံကျေးရွာမှာ စစ်ကော်မရှင်နဲ့ KPDF ပူးပေါင်းတပ်တို့အကြား ဒီနေ့ဧပြီ(၂)ရက်နေ့ မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ(၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အနီးနေထိုင်သူများထံမှ သိရပါတယ်။
“ လူငါးယောက်ထက်မနည်းထိတယ်ပြောတယ်။ ပြည်သူတွေပေါ့လေ စိုးရိမ်ရတဲ့သူတွေလည်းပါတယ်။ ဖားကန့်ကျောက်ဝိုင်းနားက ကလပ်ကုန်းစျေး ၊နတ်ကြီးစင်နား လက်နက်ကြီးတွေကျတာလေ ” ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။
ဒီနေ့ မနက် (၄)နာရီကျော်အချိန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကနေပစ်ခတ်တဲ့လက်နက်ကြီး ၊လက်နက်ငယ်တွေဟာ ဖားကန့်ဗျူဟာကုန်းအောက်ချိုင့်ရှိ ကလပ်ကုန်းစျေးမှာ ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တာလို့ သိရပါတယ်။
ဒီကလပ်ကုန်းစျေးမှာ ကနဦးသိရှိမှုအရ (၅)ဦးထိခိုက်ထားပြီး တိုက်ပွဲဖြစ်ပွားတဲ့ အမှိုက်ပုံကျေးရွာမှာလည်း (၁)ဦးထိခိုက်သူရှိနေတယ်လို့ သိရပါတယ်။
စုစုပေါင်းထိခိုက်သူ (၆)ဦးသာသိရသေးပြီး ကူညီကယ်ဆယ်မှုများပြုလုပ်နေကြဆဲလို့ ဆိုပါတယ်။
တိုက်ပွဲက မနက်အစောပိုင်းကနေ နေ့လည်(၁၂)နာရီအထိ ဖြစ်ပွားနေသေးတယ်လို့ သိရသလို အခြားနေအိမ်ထိခိုက်မှုတွေလည်း ရှိနေကြောင်း အနီးနေထိုင်သူများမှ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအစပိုင်းကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)+PDF နဲ့ စစ်ကော်မရှင်တို့ နှစ်ဖွဲ့ကြား ဖားကန့်မြို့အနီးတစ်ဝိုက်တွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။
တိုက်ပွဲအနီးနေထိုင်သူ ရပ်ကွက်ရှိဒေသခံအများအပြားကတော့ ယခင်လတွေကတည်းကစစ်ဘေးတိမ်းရှောင်ထားတာဖြစ်ပြီး မြို့အတွင်းကထုံးဖို၊မရှီကထောင်၊စည်ပင် စတဲ့ရပ်ကွက်တွေနဲ့ မှော်ဝမ်းကြီး၊မှော်မောင်းလျှံ၊မှော်ဝမ်းလေးကျေးရွာတို့လည်း ဘေးလွှတ်ရာကို တိမ်းရှောင်ထားကြပါတယ်။
