
မေ ၂၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ လက်ရှိပညာသင်နှစ်အတွင်း စာသင်ကျောင်းပေါင်း (၅၄) ကျောင်းဖွင့်လှစ်သွားမယ်လို့ ပညာရေးဌာနမှ စုံစမ်းသိရှိရပါတယ်။
“ မနှစ်ကနှစ်ဆုံးတဲ့အထိ (၅၂) ကျောင်းဖွင့်နိုင်တယ်။ ခု (၂)ကျောင်းထပ်တိုးပြီးတော့ ဖွင့်မယ်ဆိုတော့ ဒီနှစ်ပညာသင်နှစ်မှာ ဖွင့်ကျောင်း (၅၄ ) ကျောင်းရှိပါမယ်” လို့ ဗန်းမောက်မြို့နယ် ပညာရေးမှူးက ရှမ်းနီအသံကို ပြောပါတယ်။
လတ်တလောမှာ ကျောင်းအပ်နှံမှုတွေကို စတင်လက်ခံနေပြီး ကျောင်းသား/သူ ခြောက်ထောင်ကျော်လက်ခံထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ရဲ့အနောက်ဘက်ဒေသတွေမှာ စာသင်ကျောင်းတွေကို အဓိကဖွင့်လှစ်မှာဖြစ်ပြီးတော့ မြို့ပေါ်မှာလည်း အ.လ.က ကျောင်းနဲ့ မူလတန်းကျောင်းတွေဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
“ ကျွန်မတို့မြို့ပေါ်အခြေအနေလေးလည်း တည်ငြိမ်လာပြီဖြစ်တဲ့ အတွက် အ.လ.က (မြို့မ) ရယ် မူလွန် (ခမိုး) ရယ်ကိုကျွန်မတို့ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်မှာ မြို့သိမ်းတိုက်ပွဲကြောင့် မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်က စာသင်ကျောင်း ၁၄ ကျောင်းအထိ ပိတ်ထားခဲ့ရပြီး ကျောင်းသား/သူတွေနဲ့ ဆရာ/မတွေဟာလည်း နီးစပ်ရာ ကျောင်းတွေမှာ ဆက်လက်သင်ကြားခဲ့ကြရပါတယ်။
ဗန်းမောက်မြို့နယ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူတွေအတွက် သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဗလာစာအုပ် မရရှိတာ ၄ နှစ်ကြာမြင့်လာခဲ့ပြီဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သယ်ဆောင်ရာမှာလည်း ကန့်သတ်မှုတွေခံရပြီး စာအုပ်တွေ မရရှိတာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပြပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း( ၂၀၂၄-၂၀၂၅) ခုနှစ် ပညာသင်နှစ်က ကျောင်းပေါင်း (၆၃)မှာ ကျောင်းသားဦးရေ (၁၀၃၂၇) ဦး ပညာသင်ကြားနေပေမယ့် ပညာသင်နှစ်အဆုံးပိုင်းမှာ မြို့သိမ်းတိုက်ပွဲကြောင့် စာသင်ကျောင်း (၁၄ )ကျောင်းအထိ ပိတ်ပင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
