





ဒီဇင်ဘာလ ၁၃ ရက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းက ဗန်းမောက်မြိုနယ်အတွင်းမှာ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင် ပြည်သူများကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်းစာနာထောက်ထားရေးအဖွဲ့မှ ယနေ့ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လာရောက်ကူညီခဲ့တယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက မင်းကုန်းကျေးရွာစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင် (၂၄၅)ဦးအတွက် အခြေခံအသုံးအဆောင်များကို ကူညီခဲ့တာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ အကူအညီပေးအပ်မှုကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့် လူသားချင်းစာနာထောက်ထားရေးအဖွဲ့ (SRAHO)အပါဝင် ဗန်းမောက်မြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲများမှ စုပေါင်းကူညီပေးခဲ့ကြတာဖြစ်ပါတယ်။
စစ်ရှောင် (၂၄၅)ဦးအတွက် ငွေသားကျပ်သိန်း(၅၀)အပါအဝင် စောင်များ၊ အဝတ်အထည်များ၊ အခြေခံအသုံးအဆောင် ပစ္စည်းများကူညီလှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
“မင်းကုန်းစစ်ရှောင်စခန်းမှာရှိတဲ့ တိုက်ပွဲရှောင် စစ်ရှောင် ၂၄၅ ဦးကို စောင်၊ တဘက်၊ ငွေသား သိန်း (၅၀) ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနှင့်လူသားချင်းစာနာရေးအဖွဲ့ ကလာထောက်ပံ့တာပါ” လို့ လာရောက်ကူညီတဲ့အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း ဗန်းမောက်မြို့နယ်အတွင်းရှိ စစ်ရှောင်နေရာပေါင်း (၁၈)နေရာက ရှမ်းနီ၊ ကတူး၊ ကနန်းတိုင်းရင်းသား စစ်ဘေးရှောင်များကို ချင်းတွင်းဧရာအင်စတီကျူ့က ဦးဆောင်ပြီး ကူညီမှုများရှိခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့အတွက် ဒေသခံများအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။
