ပဋိပက္ခနဲ့ ငလျင်ကြောင့်ထိခိုက်ခဲ့တဲ့ဒေသများရှိ  မြန်မာ့လူဦးရေ(၂)သန်းကျော်ကိုသာ ကုလသမဂ္ဂ ဦးစားပေးကူညီမည်

ဒီဇင်ဘာ ၁၂ ၊ မန္တလေး

လာမယ့်(၂၀၂၆)ခုနှစ်မှာ မြန်မာပြည်တွင်းအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့အစီအစဉ်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ငလျင်ကြောင့် ထိခိုက်ခဲ့သောဒေသများကိုသာ ဦးစားပေးသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ(၁၀)ရက်မှာ ထုတ်ပြန်ကြညာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ်(HNRP) မှာ မြန်မာနိုင်ငံက  အဆိုပါဒေသရှိ အကူအညီအရေးတကြီးလိုနေတဲ့ လူဦးရေ (၂.၆)သန်းကို အမေရိကန်ဒေါ်လာ (၂၅၁)သန်း ကူညီသွားဖို့ စီစဉ်ထားတယ်လို့ ပြောထားတာပါ။

HNRP အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအကြပ်အတည်းကို ကြုံတွေ့နေရတာကြောင့် လာမယ့်နှစ်မှာ မြန်မာရှိ ကလေးငယ်(၅)သန်းအပါအဝင် လူဦးရေ(၁၆)သန်းကျော်ထိဟာ အကူအညီလိုအပ်မည်ဟု ခန့်မှန်းထားပေမယ့်   အခုလို၂သန်းကျော်သာကူညီနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။

 ပြည်တွင်းရှိ  မတည်ငြိမ်မှုတွေနဲ့ ဘေးအန္တရာယ်တွေကြောင့်  ခန့်မှန်းလူဦးရေ (၃.၆)သန်းဟာ နယ်မြေစွန့်စွာရှောင်တိမ်းနေကြရပါတယ်။

 မြန်မာက ကမ္ဘာတစ်ဝှမ်း အကြပ်အတည်းအဆိုးရွာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါဝင်နေပေမယ့် လူသားချင်းဆိုင်ရာရန်ပုံငွေရရှိမှု အနည်းဆုံးနိုင်ငံအဖြစ်ရှိနေဆဲ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

 ပြီးခဲ့တဲ့ သဘာဝဘေးအန္တရာယ် မန္တလေးနဲ့စစ်ကိုင်းငလျင်ကြီးကြောင့်  ထိခိုက်ခဲ့သူများကို  ငလျင်တုံ့ပြန်ရေးနဲ့ ရန်ပုံငွေလိုအပ်ချက်အတွက် ဒေါ်လာ(၂၇၂)သန်းလိုအပ်နေမှုထဲ  ယခုလအထိ (၆၆)ရာခိုင်နှုန်းသာ ရရှိထားသေးကြောင်း သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ  မြန်မာ့လူဦးရေ(၅)သန်းကို အကူအညီပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *