
ဒီဇင်ဘာ ၁၂ ၊ ချင်းမိုင်
ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား တိုက်ပွဲပြည်လည်ဖြစ်ပွားတာ တစ်ပတ်နီးပါးကြာမြင့်လာတဲ့ ဒီနေ့ဒီဇင်ဘာ(၁၂)ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်က ထိုင်းလွှတ်တော်ကိုဖျက်သိမ်းကြောင်း ကြေညာလာပါတယ်။
လွှတ်တော်ကိုဖျက်သိမ်းပြီး ပြည်သူကိုအာဏာပြန်လွှဲအပ်ကြောင်းနဲ့ ရက်ပေါင်း(၆၀)အတွင်း အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပသွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဝန်ကြီးချုပ်အနူတင် တာဝန်ယူခဲ့တဲ့သုံးလတာအတွင်းမှာ သူ့ရဲ့အစိုးရအဖွဲ့ဟာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ရုန်းကန်ခဲ့ရပြီး ဒီစိန်ခေါ်မှုတွေထဲမှာ ကမ္ဘောဒီးယားနဲ့နယ်စပ်တိုက်ပွဲပြဿနာတွေလည်း ပါဝင်တယ်လို့ သူကပြောပါတယ်။
သူနဲ့သူ့အစိုးရအဖွဲ့ဟာ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုလုပ်ဆောင်ခဲ့ပေမယ့်လည်း နိုင်ငံတည်ငြိမ်ဖို့လိုအပ်နေသေးကြောင်း ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ တတိယမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ အနူတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီဟာ မကြာသေးမီက နိုင်ငံအတွင်းရေကြီးရေလျှံမှုဖြစ်ပွားမှုရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့လည်း ဝေဖန်ပြောဆိုခံခဲ့ရပါတယ်။
ပါလီမန်မှာ အကြီးဆုံးပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ပါတီရဲ့ ထောက်ခံအားပေးမှုကို ဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ လွှတ်တော်ဖျက်သိမ်းကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။
နယ်စပ်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားစစ်သားများဘက်မှ ခြိမ်းခြောက်မှုမရပ်မချင်း ထိုင်းကအပစ်ရပ်မှာမဟုတ်ကြောင်းနဲ့ ထိုင်းစစ်တပ်ကိုအပြည့်အဝထောက်ခံကြောင်း ဒီဇင်ဘာ(၁၀)ရက်နေ့က ဝန်ကြီးချုပ်အနေနဲ့အပစ်ရပ်မှုကိုငြင်းဆိုခဲ့ပါသေးတယ်။
စီးပွားရေးသမားတစ်ဦးဖြစ်ခဲ့တဲ့ ဝန်ကြီးချုပ်အနူတင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ(၇)ရက်နေ့ကစပြီး ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
