
ဒီဇင်ဘာ ၁၂ ၊ မြစ်ကြီးနား
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းဖြစ်တဲ့ ကန့်ဘလူနယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းတွေကို စစ်ကော်မရှင်တပ်ဖွဲ့များပိတ်ပင်ထားတာ (၄)ရက်ခန့်ကြာမြင့်လာပြီး ခရီးသွားယာဉ်နဲ့ကုန်တင်ယာဉ်များပိတ်မိနေတယ်လို့ ခရီးသွားများထံမှ သိရပါတယ်။
‘ ငါတို့လာတုန်းကဖွင့်တယ် အခုအသံတိတ်သပိတ်နဲ့ပတ်သက်ပြီးပိတ်တာနေမှာ ကျီကျင်းတို့၊ ပေကြီး အေ့ဘက်က ကန့်ဘလူနယ်ထဲမှာ ပိတ်ထားတာ အခုအဆင်းကားဖွင့်ပေးနေပြီကြားတယ်’ ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။
မြစ်ကြီးနားသို့ တက်မယ့် ယာဉ်များအားလုံးကိုတော့ပိတ်ပင်ထားဆဲဖြစ်ပြီး မန္တလေးမြို့သို့ ဆင်းမယ့်ယာဉ်တွေကိုတော့ ဒီနေ့ ဒီဇင်ဘာ(၁၂)ရက်နေ့မှာ ဖွင့်လှစ်ပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။
အတက်ယာဉ်များ ကားအစီးရေထောင်နဲ့ချီရပ်နားထားရဆဲဖြစ်သလို ပြန်လည်ဖွင့်လှစ်ပေးမယ့် ရက်ကိုသိရှိရခြင်းမရှိဘူးလို့ ခရီးသွားများက ဆိုကြကာ ဆောင်းရာသီရာသီဥတုကြောင့် ကျန်းမာရေးပြဿာနာတွေလည်း ကြုံနေကြရကြောင်း ခရီးသွားများက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ မန္တလေး-မြစ်ကြီးနားအားလုံးနီးပါးကို စစ်တပ်ဘက်မှ ပြန်လည်ထိန်းချုပ်မှုတွေရှိနေပေမယ့် အချို့သောလမ်းပိုင်းနေရာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။
