
ဒီဇင်ဘာ ၈၊မြဝတီ
ကရင်ပြည်နယ်၊ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်ဆိုက်အဆောက်အအုံအတွင်းမှာ မနေ့ကဒီဇင်ဘာလ(၇)ရက် ညနေပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦးပျောက်ဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးထံမှ သိရပါတယ်။
“ဆိုက်ထဲကို ဝင်သွားတာတော့ မိန်းကလေးသုံးယောက် ဟုတ်တယ် ကျန်သေးတဲ့ပစ္စည်းသွားယူမယ် ဆိုပြီး ထွက်လာတော့တစ်ယောက်ကပါမလာတော့တာ”လို့ ဖြစ်စဉ်ကိုသိရှိတဲ့ အမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။
၎င်းက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးလည်းဖြစ်ပြီး ဆိုက်အတွင်းကနေ ပြောင်းရွှေ့ရန်အတွက် စီစဉ်နေသူတစ်ဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးသူ အမျိုးသမီးက အသက်(၂၀) ဝန်းကျင်အရွယ်ဖြစ်တယ်လို့ သိရပြီး ၎င်းကိုရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကျားဖြန့်အဆောက်အအုံများအတွင်းကို ဝင်ရောက်ခြင်းမပြုရန် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံတွေကို သတိပေးထုတ်ပြန်မှုများပြုလုပ်ထားကြောင်း သိရပါတယ်။
ရွှေကုက္ကိုမြို့ရှိ ကျားဖြန်ငွေလိမ်လုပ်ငန်းများကို အပြီးသတ်နှိမ်နှင်းရေးလုပ်ဆောင်မည်ဟု မကြာသေးမီနိုဝင်ဘာလက ကရင်နယ်ခြားစောင့်တပ်(BGF)က ကြေညာပြီးနောက် ကျားဖြန်လုပ်ကိုင်သူများ မြဝတီမြို့သို့ပြောင်းရွှေ့မှုတွေ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြပါတယ်။
ပစ္စည်းရွှေ့ပြောင်းပစ္စည်းသယ်ယူငှားရမ်းခ ကားတစ်စီးလျှင် (၈ ) သိန်းကျပ်ကနေ (၁၀) သိန်းကျပ် အထိပေးဆောင်ရပြီး ဆိုက်အတွင်း တာဝန်ယူထားတဲ့ Company အဖွဲ့အစည်းများက ယခုလိုလေလံဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလမှာ ရွှေကုက္ကိုလ်က ကျားဖြန်အဆောက်အဦးတစ်ရာကျော်ကို စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့များက ချိတ်ပိတ်မှုတွေအပြင် ငွေလိမ်လုပ်ငန်းမှာအသုံးပြုတဲ့ ပစ္စည်းတွေကိုလည်းဖျက်ဆီးမှုတွေပြုလုပ်နေကြောင်း ဆိုပါတယ်။
လက်ရှိအချိန်အထိ KK Park မဲ့ထော်သလေး – ၆၃၅ လုံးရှိပြီး ၃၃၃ လုံးဖြိုချထားပြီး ရွှေကုက္ကိုလ် – ၆၉၄ လုံးရှိပြီးအဲ့ထဲက ၁၆၉ စစ်ဆေးဆဲ နဲ့ ၁၆၁ လုံးပဲချိတ်ပိတ်သိမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။
