
ဒီဇင်ဘာ ၉ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA/PDF တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
မနေ့ကစလို့ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ရာ နောင်ပိုအောင်ကျေးရွာအုပ်စု အနီးတဝိုက်ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်လာမှုတွေ ရှိတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။
SNAရဲ့ထိန်းချုပ်နယ်မြေထဲက နောင်မှော် ၊ နားမော် ၊ ပေတာရာ၊ လွှစင်ကုန်း စတဲ့ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် KIA+PDF တို့ ထိန်းချုပ်နယ်မြေတွေမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်မှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။
“ ဟိုတစ်နေ့ကတော့ မြင်သာကျေးရွာမှာ လေယာဥ်နဲ့ချတယ်။ ဒီကနေ့တော့ ပေတာရာ၊ လွှစင်ကုန်းမှာ ဖြစ်တာလို့ ထင်တယ်။ နေ့တိုင်းဖြစ်နေတာ နောင်မှော်၊ နားမှော် အထဲက နမ့်ကောင်းကောင်း နေ့တိုင်းပါ့ဖြစ်နေတာ ။ ဒီနေ့လည်းလေယာဥ်နဲ့လာချတာ ၅ ခါလာချတာ ။ မြင်သာ၊ ပရစ်ဖာနိုင် ဘက်ဆို ပြည်သူတွေမရှိတော့ဘူး ရွှေ့လို့နေကြကုန်ပြီ ပထမ စစချင်းဖြစ်ကတည်းက ဘယ်သူမှသွားမနေကြတော့ဘူး သူတို့ (KIA+PDF) နေတဲ့နေရာမှာ လေယာဥ်နဲ့ သွားပစ်တာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားခဲ့တာ လအတော်ကြာမြင့်ခဲ့ပြီး ယခုလပိုင်းမှ ပြန်လည်ဖြစ်ပွားလာတာဖြစ်တယ်လို့ သိရ ပါတယ်။
