Starlink အင်တာနက်ဈေးတက်လာလို့ ပင်လည်ဘူးမှာ သုံးစွဲသူလျော့နည်းလာ

အောက်တိုဘာ ၁၅ ၊ ပင်လည်ဘူး

Starlink အင်တာနက်တွေကိုသာ အဓိကထားအသုံးပြုနေရတဲ့ ပင်လည်ဘူးမြို့နယ်မှာ သုံးစွဲသူတွေ သိသိသာသာလျော့နည်းလာတယ်လို့ စတားလင့်ခ်အင်တာနက်ဆိုင်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

“ ​နည်းသွားတာသိသာတယ်။  အရင်လိုမျိုးမသုံးကြတော့ဘူး။  အရေးကြီးသုံးဖို့လိုတဲ့သူနဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေလောက်ပဲသုံးကြတာ။ ငွေရှာသွားလာဖို့ခက်တယ် ၊ အခွန်အကောက်တွေများတယ်၊ စားဝတ်နေရေးကျပ်တည်းလာကြပီ”​လို့ အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောပါတယ်။ 

ဩဂုတ်လမှစတင်ပြီး အင်တာနက်အသုံးပြုမှုကို အချိန်စနစ်နဲ့ အသုံးပြုနေမှုကနေ အသုံးပြုတဲ့ GB တွေအလိုက် ကောက်ခံမှုတွေကို ပြောင်းလဲအသုံးပြုလာတာဖြစ်တယ်လို့သူကပြောပါတယ်။ 

ပင်လည်ဘူးမြို့နယ်အတွင်းက  အင်တာနက်စက်တွေကိုလည်း NUG ထံကို သတ်မှတ်ထားတဲ့ အခွန်တွေအတိုင်းပေးဆောင်ရပြီး အခုနောက်ပိုင်း တိုးမြှင့်ကောက်ခံမှုတွေလည်းရှိလာနေတယ်လို့ ဆိုပါတယ်။ 

ပင်လည်ဘူးမြို့နယ်တစ်ခုလုံးမှာ ပျှမ်းမျှ အင်တာနက် 1 GB စျေးနှုန်းဟာ ကျပ် ၁၀၀၀ နဲ့ ၂၀၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။ 

စတားလင့်ခ်စက်တွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အလွယ်တကူဝယ်ယူလို့ရတဲ့မြို့နယ်တစ်ခုဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်မှုဟာ ၄ နှစ်ကျော်ကြာမြင့်ခဲ့ပြီး Starlink အင်တာနက်တွေကိုသာ အဓိကထားအသုံးပြုနေရတာလည်းဖြစ်ပါတယ်။ 

သြဂုတ်လ(၁၇)ရက်နေ့ကနေ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ Starlink (စတားလင့်ခ်)ဂြိုလ်တုစက်တွေကို ပိတ်သိမ်းသွားမယ်လို့ Stralink ကုမ္ပဏီဘက်က အသိပေးပြီးနောက် စက်တစ်ချို့ပိတ်သိမ်းခံရမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ Stralink အင်တာနက်တွေဟာ GB Plan စနစ်ကို လုံးဝပြောင်းလဲသွားခြင်းမရှိသေးဘဲ ယခင်အတိုင်းဆက်လက်အသုံးပြုနေရဆဲလည်းဖြစ်ပါတယ်။

ပင်လည်ဘူးမြို့နယ်တစ်ခုလုံးကို NUG က သိမ်းပိုက်ထားပြီး လက်ရှိမှာ KIA နဲ့ PDF တပ်တို့ ပူးတွဲအုပ်ချုပ်နေတာလည်းဖြစ်ပါတယ်။ 

ပင်လည်ဘူးမြို့ကို အမှတ်(၁) စစ်ဒေသ PDF တပ်များနဲ့ ပကဖများက၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉)  ရက်နေ့ကနေ  အပြည့်အဝထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *