
အောက်တိုဘာ(၁၄) ၊ ဘန်ကောက်
အသားဖြူခရင်မ်အမျိုးအစားတွေဖြစ်တဲ့ Vaseline Lotion အမှတ်တံဆိပ် အရောင်အမျိုးမျိုး နဲ့ Clear ခေါင်းလျှော်ရည် အပါအဝင် အလှကုန်အတုအများအပြားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ရဲတပ်ဖွဲ့တွေ ဖမ်းဆီးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၉) ရက်နေ့က ဘန်ကောက်မြို့အနီး ၊နဒီးခရိုင်ခွဲ ဘန်ပလာ လမ်းပေါ်ရှိ ဂိုဒေါင် (၂)ခုမှာ အလှကုန်အတုအများအပြားကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
တွေ့ရှိမှုထဲ မြန်မာမှာ အသုံးများတဲ့ အလှကုန် Brand အမျိုးအစားတွေဖြစ်တဲ့ Vaseline (ဗယ်ဆလင်း)အသားဖြူလိုးရှင်းအမျိုးမျိုး ၊ Garnier (ဂါနီးယား) အမှတ်တံဆိပ် (Lotion/ မိတ်ကပ်ဖျက်ဆေး ) ၊ Clear ခေါင်းလျှော်ရည် (ဗူး ၊ အထုပ်ပုံစံအမျိုးမျိုး) ၊ Shokubutsu ရေချိုးဆပ်ပြာရည်နဲ့ Head & Shoulders ခေါင်းလျှော်ရည် စတဲ့ နာမည်ကြီးထုတ်ကုန်အတုများ ပါဝင်ထားတာကို ရုပ်သံဗီဒီယိုဖော်ပြမှုထဲ တွေ့မြင်ရပါတယ်။
ဒါတွေအပြင် အခြားအလှကုန်တံဆိပ်အတု အများအပြားလည်း ပါဝင်ထားပြီး တံဆိပ်အမည်စုစုပေါင်းတွေကိုတော့ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဒီအလှကုန်အတုတွေကို Tiktok ၊Shopee ၊ Lazada စတဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေတစ်ဆင့် စျေးပေါပေါနဲ့ ရောင်းချခဲ့သလို Free Delivery (ပို့ခလွတ်) စနစ်တွေနဲ့လည်း ဆွဲဆောင်ရောင်းချခဲ့ကြကြောင်း ဆိုထားပါတယ်။
မြန်မာကနေ ဝယ်ယူလို့မရတဲ့ Tiktok shop တွေမှာ ထိုင်းနိုင်ငံရောက်ရှိနေတဲ့ မြန်မာတွေက စျေးသက်သက်သာသာနဲ့ တစ်ဆင့်ခံမှာယူပေးပြီး မြန်မာကို ပြန်လည်ပို့ဆောင်ပေးတာတွေ လူငယ်တွေအကြား ဒီနှစ်တွေမှာ ခေတ်စားလာတာလည်း ဖြစ်ပါတယ်။
အလှကုန်အတုတွေနဲ့အတူ ဖမ်းဆီးရမိသူတွေထဲမှာလည်း မြန်မာနိုင်ငံသား (၃)ဦးပါဝင်ထားပြီး၊ နိုင်ငံအထောက်အထားမရှိသူ (၂) ဦးနဲ့ ဦးဆောင်ထုတ်လုပ်နေသူ တစ်ရုတ်နိုင်ငံသားတစ်ဦး စုစုပေါင်း (၆)ဦး ကို ပစ္စည်းမှာယူသူတွေထံ ပေးပို့ဖို့ထုတ်ပိုးနေချိန် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဂျပန်နိုင်ငံထုတ်ကုန်ဖြစ်တဲ့ Pigeon တံဆိပ်ကို တုပထားတဲ့ ကလေးနို့ဘူးနဲ့ နို့သီးခေါင်း အတုတွေကို ထိုင်းနိုင်ငံ၊ ကလောင်ဆန်ဝါခရိုင်မှာ ဖမ်းမိခဲ့ပါသေးတယ်။
