
အောက်တိုဘာ(၁၅) ၊ နေပြည်တော်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဒီနေ့မှာ ၁၁ ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။
၁၁ နှစ်ပြည့်ခဲ့ပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၄ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)၊(၂)၊(၃) တို့ကို ဒီနေ့အထိတိုင်အကောင်အထည်မဖော်နိုင်သေးဘူးလို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ RCSS/SSA က ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေးတွေရပ်တန့်ခဲ့ပြီး ၊ ဆွေးနွေးမှုလုပ်ငန်းစဉ်တွေဟာလည်း တစ်ဖွဲ့ချင်းနဲ့သာ ဆွေးနွေးအကောင်အထည်ဖော်ဆောင်တဲ့ ပုံစံပြောင်းလဲသွားခဲ့တာလို့ စဝ်စိုင်းငင်းက ပြောပါတယ်။
ဒီလိုအကောင်အထည်မဖော်နိုင်တာဟာလည်း NCA မှာ ပါဝင်သူအားလုံးရဲ့ အားနည်းချက်တွေကြောင့်ဖြစ်ပြီးတော့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း စောင့်ကြည့်မှုတွေမလုပ်နိင်ဘူးလို့ ဆိုပါတယ်။
၁၁ နှစ်ပြည့်လာတဲ့ NCA စာချုပ်အပေါ်ကိုလည်း လူထုတွေရဲ့ယုံကြည်မှုတွေလျော့ကျလာနေတယ်လို့ သူက ဆက်ထောက်ပြပါတယ်။
(၁၁)နှစ်မြောက်အခမ်းအနားကို နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဒီနေ့ အောက်တိုဘာ (၁၅)ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင်က လူကိုယ်တိုင်တက်ရောက်မှုမရှိဘဲ ဗီဒီယိုမိန့်ခွန်းနဲ့သာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပညာရေး၊ ဒေသဖွံ့ဖြိုးရေး ၊ကျန်းမာရေး နဲ့ စီးပွားရေး တွေ ထိခိုက်ခဲ့ပြီး အဘက်ဘက်ကဆုံးရှုံးနစ်နာမှုတွေ ပေါ်ခဲ့တယ်လို့ပြောပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးက နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်တဲ့အထိ လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းသွားမယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ထဲက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်လာပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ကလည်း ဒီအခမ်းအနားပွဲကို တက်ရောက်တာ တွေ့ရပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ KNU ၊ CNF ၊ ABSDF ၊ PNLO တို့ကတော့ ဒီအခမ်းအနားကို တက်ရောက်လာခြင်းမရှိတာကြောင့် (၆)ဖွဲ့သာ နှစ်ပတ်လည်မှာ တက်ရောက်ခဲ့တာပါ။
နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်များ၊ NSPNC ရဲ့ ညှိနှိုင်းရေးကော်မတီဝင်များ၊ အကြံပေးအဖွဲ့များ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်သူတွေအပြင် အခြား နိုင်ငံရေးပါတီတွေပါအဝင် သက်ဆိုင်တဲ့အဖွဲ့အစည်းအများအပြားတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
