အကြောင်းအရင်းမရှိဘဲ ချင်းတွင်းမြစ်ကြောင်းကုန်သွယ်ရေးပိတ်ထားမှု NUG ထံကို ရေယာဉ်ကုန်သည်တွေ စာတင် 

ဒီဇင်ဘာ ၉ ၊ မော်လိုက် 

စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်  ချင်းတွင်းမြစ်ကြောင်းကို NUG လက်အောက်ခံ  ဂဇက်ကျေးရွာစစ်ဆေးရေးဂိတ်မှ ကူးသန်းမှုတွေပိတ်ဆို့ထားမှုကြောင့် ရေယာဉ်ကုန်သည်များ အခက်ကြုံနေကြရကြောင်း NUG ဆီကို တိုင်ကြားအသနားခံစာတင်ပြခဲ့ကြပါတယ်။

မော်လိုက်ခရိုင်  PDF တပ်ရင်းရဲ့ညွှန်ကြားမှုကြောင့် ဂဇက်ကျေးရွာရှိရေကြောင်းကို ပိတ်ပိင်ထားတာဟာ တစ်လခွဲကျော်ကြာမြင့်လာပြီး ချင်းတွင်းမြစ်ကြောင်းအတွင်းက ရေယာဉ်ကုန်သည်များနဲ့ ဒေသခံများက NUG အစိုးရကို အောက်တိုဘာ(၁၇)ရက်နေ့က အသနားခံစာတင်သွင်းခဲ့တာပါ။

အဆိုပါရေကြောင်းကို စက်တင်ဘာလမှာ စတင်ပိတ်ဆို့ခဲ့တာဖြစ်ပြီး  အောက်တိုဘာလအထိ တစ်လခွဲကျော်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ ပိတ်ပင်ထားတဲ့ ရေလမ်းကြောင်းတွေကို ပြန်ဖွင့်ပေးခြင်းမရှိကြောင်းသိရပါတယ်။ 

တိုင်တန်းမှုထဲ အချက်(၅)ချက်ပါဝင်ခဲ့ပြီး (၁) အကြောင်းအရင်းမရှိပိတ်ပင်ခြင်း၊ (၂) လက်နက်ကြီးအန္တရာယ်ကို ဂိတ်ရဲ့တာဝန်ယူမှုမရှိခြင်း၊ (၃) ကုန်ပစ္စည်းများဆုံးရူံးပျက်စီးခြင်း၊ (၃)ဆောင်းရာသီ ချင်းတွင်းမြစ်ရေအခြေအနေနဲ့ (၅)ချင်းတွင်းမြစ်အတွင်းက NUG  ရဲ့အခွန်ကောက်စစ်ဆေးရေးဂိတ်များကို စိစစ်ပေးဖို့တွေ ပါဝင်ပါတယ်။

ပြန်လည်ဖွင့်လှစ်ပေးမယ့်ရက်ကို ပြောပြခြင်းမရှိသလို စစ်ကောင်စီရဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းကာကွယ်ပေးခြင်းမရှိခြင်းအပြင် လက်နက်ကြီးပစ်ခတ်ခဲ့ချိန် ဂိတ်အတွင်းအစောင့်များရှိမနေကြောင်း သိရပါတယ်။  

ဒါ့အပြင် အာလူးကဲ့သို့ ပုတ်သိုးလွယ်ကာကြာရှည်မခံသော ကုန်စိမ်းအများအပြားဆုံးရူံးနေပြီး  ဆောင်းရာသီမှာ မြစ်ရေတိမ်ကောလာပါက ရေယာဉ်များမောင်းနှင်ရန်ခက်ခဲနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရေယာဉ်တွေပိတ်ဆို့ထားမှုတွေကြောင့် ကုန်ပစ္စည်းပျက်စီးမှုတွေရှိလာနေပြီး ရေယာဉ်ကိုမှီခိုရတဲ့ ဒေသတွေလည်း ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုခံစားနေကြရတယ်လို့သိရပါတယ်။ 

အခွန်ကောက်ခံမှုတွေလည်းအလွန်များပြားနေပြီး မော်တော်ယာဉ်အရွယ်အစားအကြီးအသေးမရွေး  ကျပ်သိန်း(၂၀)ကနေ (၂၀၀)အထိ ကောက်ခံပြုလုပ်နေတာဖြစ်ကြောင်းလည်း ထည့်သွင်းထောက်ပြထားတာပါ။

NUG စိုးမိုးနယ်မြေအတွင်းမှာ ရွှေမျှောတူးဖော်မှုတွေတင်မကဘဲ စက်သုံးဆီကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းအမျိုးမျိုးတွေကိုလည်း နှုန်းထားအလိုက် ပေးဆောင်ရမယ့်အခွန်တွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *