အင်းတော်ကြီးဒေသက ကျေးရွာအုပ်စု (၁၁)အုပ်စုထဲ  (၃)အုပ်စုကျော်ခန့်သာ ရွေးကောက်ပွဲကျင်းပမည် 

ဒီဇင်ဘာ ၁၁ ၊ မိုးညှင်း

 မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းက အင်းအရှေ့ကမ်းနဲ့ အနောက်ကမ်းကျေးရွာအုပ်စုစုစုပေါင်း(၁၁)အုပ်စုရှိတဲ့အထဲ (၃)အုပ်စုကျော်ခန့်သာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

 ဒီဇင်ဘာလ(၅)ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုတွေကို ထုတ်ပြန်လာတဲ့ထဲ အုပ်စုအားလုံးနီးပါးမကျင်းပနိုင်ကြောင်းကို တွေ့ရပါတယ်။

   ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေက အင်းအရှေ့ကမ်းဘက်ရှိ ကုန်းမနကျေးရွာအုပ်စု၊ လုံးစန့်ကျေးရွာအုပ်စု၊ချောင်းဝကျေးရွာအုပ်စု၊ပန်းလားကျေးရွာအုပ်စု၊မပြင်ကျေးရွာအုပ်စု၊ဟဲပုကျေးရွာအုပ်စု၊လက်ပံတန်းကျေးရွာအုပ်စုနဲ့ အင်းအနောက်ဘက်ကမ်းရှိ   မိုင်းပုတ်ကျေးရွာအုပ်စု၊လွဲမွန်ကျေးရွာအုပ်စု၊ညောင်ပင်ကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။

  ဒါ့အပြင် အင်းတော်ကြီးမြို့(လုံးတုံ)ရှိ ရွှေအင်းသာ၊ရွှေပြည်သာ၊ရွှေချောင််းသာတောင်တန်းသာ စတဲ့ရပ်ကွက်(၄)ခုမှာလည်း  လာမယ့်ဒီဇင်ဘာလရွေးကောက်ပွဲ အပိုင်း(၁)နဲ့ (၂)တို့အတွင်း ကျင်းပနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

  ‘ဟုတ်တယ် ကျားနီပါတီက စည်းရုံးရေးဆင်းတာ အင်းအနောက်ကမ်းကလုံးတုံတောင် မရောက်နိုင်သေးဘူးပြောတယ်  လုံးတုံမြို့(အင်းတော်ကြီးမြို့)ကနေ အင်းအဆုံးထိမရောက်နိုင်ဘူးပေါ့လေ မိုးညှင်း၊မိုးကောင်းဘက်တော့ အကုန်လုံးကိုတော့ စည်းရုံးရေးအဆက်မပြတ်သွားနေတယ် တစ်ရက်မှတော့မပြတ်ဘူး အင်းအရှေ့ကမ်းဘက်တော့သေချာမသိသေးဘူးဗျ’ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ)ရဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက အခုလိုပြောပြပါတယ်။ 

 ရွေးကောက်ပွဲကျင်းပနိုင်မယ့် ဆနွင်းကုန်း၊အင်းသာ၊မမုန်ကိုင်၊မိုင်းနောင်ကျေးရွာအုပ်စုတွေနဲ့  နန့်မွန်းမြို့တို့ကိုတော့ ပါတီစည်းရုံးရေးလုပ်ငန်းများပြုလုပ်နေပြီဖြစ်ကြောင်း ပါတီကိုယ်စားလှယ်တွေရဲ့လှုမှုကွန်ရက်စာမျက်နှာများမှာ တွေ့မြင်နေရပါတယ်။

 အင်းတော်ကြီးဒေသမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ နန့်မွန်းမြို့နဲ့ လုံးတုံမြို့အပါအဝင် ကျေးရွာပေါင်း(၃၈)ရွာရှိပြီး ကျေးရွာအုပ်စုပေါင်း(၁၁)အုပ်စုရှိကာ လူဦးရေပါင်း (၅)သောင်းကျော်နေထိုင်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *