ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ်နှိမ်နင်းဖို့ ဗဟိုကော်မတီတစ်ခုဖွဲ့စည်းလိုက်ကြောင်း စစ်ကော်မရှင်ကြေညာ 

ဒီဇင်ဘာ ၁၁ ၊ နေပြည်တော်

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား (ကျားဖြန့်)လုပ်ငန်းများကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် စစ်ကော်မရှင်က ဗဟိုကော်မတီတစ်ခုဖွဲ့စည်းလိုက်ကြောင်း မနေ့ကဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ အဆိုပါကော်မတီမှာ  အဖွဲ့ဝင် (၁၆ )ဦး ပါဝင်ပြီး  ဥက္ကဌအဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဦးဆောင်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်တိုက်ဖျက်ဖို့  မူဝါဒချမှတ်ခြင်း၊ လိုအပ်တဲ့ ကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်းသတ်မှတ်ခြင်းတို့အပါအဝင်  နှိမ်နှင်းရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။

 ဒါ့အပြင် ပြည်ပနိုင်ငံများနဲ့လည်း ပူးပေါင်းညှိနှိုင်းပြီး လိမ်လည်မှုလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း  ခြေကုပ်ယူနိုင်ခြင်းမရှိစေရန် စနစ်တကျ တိုက်ဖျက်သွားမယ်လို့လည်း ပြောဆိုထားတာတွေ့ရပါတယ်။

  ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ငန်းအတွင်း လုပ်ကိုင်ခဲ့သော တရားမဝင်နိုင်ငံခြားသားများကို လွှဲပြောင်းပေးရေးကိစ္စရပ်များကိုလည်း ယခုဗဟိုကော်မတီက ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

 စစ်တပ်ဘက်က ယခုလပိုင်းတွေမှာ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ရဲ့တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းရေးလုပ်ငန်းများ ဆက်တိုက်ဆိုသလိုပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

  ပြီးခဲ့တဲ့အောက်တိုဘာလမှာ မြဝတီမြို့နယ်အတွင်းက KK Park လောင်းကစားရုံကို စစ်တပ်ကဝင်ရောက်စီးနင်းပြီး အလုပ်သမားပေါင်းနှစ်ထောင်ကျော်ဖမ်းဆီးရမိခဲ့သလို လက်ရှိမှာ အဆောက်အဦးဖျက်ဆီးမှုတွေပြုလုပ်နေပါတယ်။ 

  အလားတူ  နိုဝင်ဘာလမှာ ရွှေကုက္ကိုလ်က  ကျားဖြန့်အဆောက်အဦးတစ်ရာကျော်ကို  စစ်တပ်နဲ့နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့များက ချိတ်ပိတ်မှုတွေအပြင် ငွေလိမ်လုပ်ငန်းမှာအသုံးပြုတဲ့ ပစ္စည်းတွေကိုလည်းဖျက်ဆီးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *