မန္တလေးမြို့မှာ  တစ်ညအတွင်း ပြင်းအား(၃)အဆင့်ကျော်တဲ့ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့

ဒီဇင်ဘာ ၁၁ ၊ မန္တလေး

  မန္တလေးမြို့မှာ ပြင်းအား ရစ်ခ်တာစကေး (၃)အဆင့်ကျော်တဲ့ ငလျင်နှစ်ကြိမ် တစ်ညအတွင်းမှာ  လှုပ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ဒေသခံများထံမှ သိရပါတယ်။

  မနေ့ကဒီဇင်ဘာ(၁၀)ရက်နေ့ ညပိုင်း (၉)နာရီ (၅)မိနစ်အချိန်မှာ  ပြင်းအားရစ်ခ်တာစကေး(၃.၃)အဆင့်ရှိငလျင်တစ်ခုက မန္တလေးမြို့ အနီး၊ ပြင်ဦးလွင်မြို့နဲ့ (၁၄)မိုင်ခန့်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းဖော်ပြတဲ့ ဌာနတစ်ချို့ကဖော်ပြထားပါတယ်။ 

  တစ်ဆက်တည်း တစ်ညအတွင်းမှာပဲ ယနေ့ဒီဇင်ဘာ(၁၁)ရက် မနက်ပိုင်း(၃)နာရီ (၂၄)မိနစ်ခန့်မှာ ပြင်း(၃.၇)အဆင့်ရှိတဲ့ မြေငလျင်တစ်ခုလည်း မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်မှ (၈)မိုင်ခန့်အကွာ (၁၀)ကီလိုမီတာကနေ ဗဟိုပြုလှုပ်ခတ်ခဲ့တာဟု သိရပါတယ်။ 

 ‘ငလျင်ကအသံတောင်ပါတယ် ည(၉)နာရီလောက်က အိမ်တောင်တော်တော်လှုပ်တယ် သိသာတယ် မနက်ကလည်း အိပ်ပျော်နေတာကို ဆတ်ခနဲဆိုပြီးလန့်တောင်နှိုးတယ် ကြမ်းတယ် ‘ဟု ပုသိမ်ကြီးမြို့နယ်အတွင်း နေထိုင်သူဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

  မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း ပြင်းအားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်ခတ်မှုတွေက ရက်ဆက်ဆိုသလို ဖြစ်ပွားနေပြီး  မနေ့ကဒီဇင်ဘာ (၁၀)ရက် ညနေပိုင်း(၄)နာရီကျော်ကလည်း ပြင်းအား (၅)အဆင့်နီးပါးရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။ 

  ဒါကြောင့် နှစ်ရက်အတွင်း ပြင်းအားအတန်အသင့်ရှိတဲ့ ငလျင်သုံးကြိမ်လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

   ယခုနှစ်မတ်လကုန်ပိုင်းက မန္တလေးမြို့မှာ ပြင်းအား(၇)ကျော်တဲ့ ငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားခဲ့တာ (၉)လနီးပါးကြာမြင့်လာပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်နေဆဲဖြစ်သလို ပြီးခဲ့တဲ့လပိုင်းတွေအထိက ပြိုကျမှုဖြစ်ပွားနေဆဲအဆောက်အဦးများလည်း ရှိနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *