အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မင်းကင်း ပကဖ နဲ့ ကျောင်းသားတပ်တို့ကြား သဘောတူညီမှုရ 

ကျောင်းသားတော်လှန်ရေးတပ်တော် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတစ်ခုကိုတွေ့ရစဉ် / Credit_SRF

မေ ၂၉၊ စစ်ကိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း  ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ကျောင်းသားတော်လှန်ရေး တပ်တော် (SRF) တို့အကြား တွေ့ဆုံညှိနှိုင်းမှုအောင်မြင်ပြီး ပူးတွဲသဘောတူညီချက် ထုတ်ပြန်လာပါတယ်။ 

မေ ၂၈ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး SRF ဥက္ကဋ္ဌ စံတင်ထွန်း အပါအဝင် ဒုတိယခေါင်းဆောင်၊ နိုင်ငံရေးဌာနက တာဝန်ခံနဲ့  တော်လှန်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကာ ဒီကနေ့ မေ (၂၉) ရက်စွဲနဲ့ အချက် ၃ ချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ခဲ့တာပါ။  

လက်ရှိဖမ်းဆီးထားတဲ့  SRF အဖွဲ့ထဲမှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့  ရဲဘော်များကို ပြန်လွှတ်ပေးရန်၊  NUG ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်း (COC ) အောက်တွင်သာ တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် နဲ့  အမှုဖွင့်တိုင်ကြားခံရတဲ့  (SRF) ရဲဘော်များကို NUG ရဲ့ ဥပဒေဘောင်အတွင်း၌သာ ဖြေရှင်းသွားရန် ဆိုပြီး စတဲ့အချက်တွေကို ထည့်သွင်းသဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဖွဲ့နှစ်ဖွဲ့ ကြားဖြစ်ပွားခဲ့တဲ့  ပဋိပက္ခမှာ   SRF အဖွဲ့ကို တမင်ဖြိုခွင်းချင်တာမျိုးမဟုတ်ဘဲ ပြည်သူများမှ အမှုဖွင့်တိုင်ကြားချက်အရ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့  ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

ဒါ့အပြင် SRF ဟာ မင်းကင်းမြို့နယ်ထဲက ပြည်သူတွေကို ဖမ်းဆီးတာ၊ ကိုယ်ပိုင် တရားစီရင်ရေးတွေနဲ့ တရားစီရင်တာ၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်မှုထမ်းခိုင်းတာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေကြောင့် တိုင်ကြားမှုပေါင်း ၈ ခုကျော်လာတယ်လို့ မင်းကင်း ပကဖ အဖွဲ့ ကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆွေးနွေးမှုအပြီးနောက်မှာ  ပြဿနာများပိုမိုကြီးထွားလာစေဖို့ ရည်ရွယ်ချက်တွေနဲ့ လူမှုကွန် ရက်စာမျက်နှာပေါ်တွင် သွေးခွဲလှုံ့ဆော်ရေးသားနေကြတဲ့ အဖွဲ့အစည်းများနဲ့  ထုတ်ပြန်ချက်များဟာ ၎င်းတို့အဖွဲ့အစည်းနှစ်ခုစလုံးရဲ့ သဘောထားအာဘော် လုံးဝမဟုတ်ဘဲ ကိုယ်ပိုင်ထင်မြင်ယူဆချက်များသာ ဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်ဟာ မေ ၂၆ ရက်နေ့က  တိုင်းတာဝန်ခံ၊ ဒူချွန်၊ ဒူဝါတို့ရဲ့ လုံခြုံရေးအာမခံချက်ကြောင့်  SRF ဥက္ကဋ္ဌ စံတင်ထွန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူတွေနဲ့အတူ သွားတဲ့ လမ်းခရီးမှာ မင်းကင်း ပအဖ၊ ပကဖ တပ်ဖွဲ့တွေက လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *