
မေ ၁၂ ၊ ဟုမ္မလင်း
အသင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရင်ရှိရမယ့် မတည်ငွေနှင့်ပတ်သက်ပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့စည်းတွေက အခက်အခဲရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ မေလ(၅)ရက်နေ့ရက်စွဲနဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဌာနက တိုင်းရင်းသားရေးရာဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ဖို့ စာပေယဉ်ကျေးမှုများရဲ့ အချက်လက်တွေ စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။
မတည်ငွေကျပ်သိန်း(၅၀၀)ရှိကြောင်း အထောက်ထားမပြနိုင်တဲ့ တိုင်းရင်းသား စာ/ယဉ်အဖွဲ့များကို မှတ်ပုံတင်လျောက်ထားတဲ့ အမှုတွဲပြန်လည်ပေးအပ်ပြီး ခွင့်ပြုချက်မရှိပဲ လှုပ်ရှားဆောင်ရွက်မှုတွေ တွေ့ရှိရင်ဥပဒေအရအ ရေးယူဖို့ တိုင်းတန်းစာအပေါ် အကြံပြုသဘောထား ထုတ်ပြန်ထားခဲ့တာပါ။
လက်ရှိနိုင်ငံရေးအခြေနေ၊ စီးပွားရေးအခြေနေများအရ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းဖွဲ့ မတည်ငွေနှင့်ပတ်သက်ပြီး မတူညီတဲ့အခက်ခဲတွေ ရှိနိုင်တယ်လို့ ဟုမ္မလင်းမြို့နယ်ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ရဲ့ အတွင်း ရေးမှူး ဦးစိုင်းသန်းထွန်းဦးက ပြောပြပါတယ်။
“ မတည်ရင်းနှီးငွေ သိန်း(၅၀၀)ဆိုတာ အချို့သောတိုင်းရင်းသားတွေအတွက် အဆင်ပြေနိုင်ပေမယ့်၊ အချို့သော တိုင်းရင်းသားတွေအတွက်က အဆင်မပြေနိုင်ပါဘူး။ ကျနော်တို့အနေနဲ့တော့ ပြန်ပြီး စဉ်းစားပေးစေချင်ပါတယ်။ (၅၀၀) မဟုတ်တဲ့ ၎င်းထက်လျော့နည်းတဲ့ပမာဏ၊ အားလုံးလည်း သဘောတူမယ့်ပမာဏကို သမှတ်ပေးစေချင်ပါတယ်။” လို့ သူက ပြောပါတယ်။
ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားစာပေအဖွဲ့ (၆၅)ဖွဲ့တွေဟာ တိုင်းရင်းသားအခွင့်ရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ၂(စ) အရ၊ အသင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(ဂ) အရ မှတ်ပုံတင်ဖို့ လိုအပ်သည့်အဖွဲ့မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနရဲ့ အကြံပြုသဘောထားမှာ ဆိုထားပါတယ်။
ဒါ့ပြင် ယင်း(၆၅)ဖွဲ့ဟာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ စသည်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုနိုင်ပါကြောင်း ဝန်ကြီးဌာန၏သဘောထားကို ထဲ့သွင်းအကြံပြုထားတာပါ။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှမ်းနီ ၊ ၊ ကတူး နှင့် ကနန်း၊ နာဂ၊ ချင်း စတဲ့တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့စည်းတွေရှိနေပါတယ်။
