

စက်တင်ဘာ ၂၆ ၊ ရန်ကုန်
စစ်ကော်မရှင်က မြန်မာမှာ နျူးကလီးယားစက်ရုံ အသေးစားတည်ဆောက်နိုင်ရေးအတွက် ရရှားကုမ္ပဏီ ROSATOM ရဲ့အကူညီများဖြင့် ကနဦး စီစဉ်အကောင်အထည်ဖော်နေကြောင်း ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ မှာ စစ်ကော်မရှင်ဥက္ကဌ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ဖို့အတွက်ကို လိုအပ်တဲ့နျူးကလီးယားအခြေခံအဆောက်အအုံ၊ လုပ်သားနဲ့ လုပ်ငန်းလိုအပ်ချက်အသီးသီးတို့ကို ရရှားမှ ဆက်လက်ပူးပေါင်းကူညီပေးစေလိုတယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ လျှပ်စစ်စွမ်းအားလိုအပ်ချက် မြင့်မားနေမှုကို ဖြည့်တင်းနိုင်ဖို့ဆောင်ရွက်နေသလို ဒီနျူးကလီးယားနည်းပညာနဲ့ ကျန်းမာရေး၊စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍများမှာ အသုံးချသွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။
ဒါကြောင့် လုပ်ငန်းမှတ်တိုင်(၃)ခု၊လုပ်ငန်းအဆင့်(၃)ခု တို့ဖြင့် နျူးကလီးယားစွမ်းအင်အစီအစဉ်ကို ဖော်ဆောင်ပြုလုပ်နေကြောင်း သိရပါတယ်။
မြန်မာမှာ ၂၀၂၂ ခုနှစ်ကစပြီး ရရှားနိုင်ငံ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နဲ့ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ နျူးကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ရန်ကုန်မှာ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်း မတ် ၄ ရက်က မော်စကိုမြို့ ကရင်မလင် နန်းတော်မှာ ရုရှားသမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှာ အသေးစား နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး ဆိုင်ရာ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြပါတယ်။
ရုရှားနိုင်ငံ၊မော်စကိုမြို့မှာ နျူးကလီးယားစက်မှုလုပ်ငန်းရဲ့ နှစ်(၈၀)ပြည့်အထိမ်းအမှတ်ပွဲ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ကို ယခုစက်တင်ဘာ(၂၅)ရက်နေ့ကနေ (၂၈)ရက်နေ့အထိကျင်းပနေပြီး နိုင်ငံပေါင်း(၁၀၅)နိုင်ငံတက်ရောက်နေကြတာလည်းဖြစ်ပါတယ်။
