ရှမ်းပြည်ထဲကရှမ်းနီတော်လှန်ရေးသမား

စဝ်အောင်မောင်းငယ်စဉ်အချိန်က မှတ်တမ်း/ မိသားစု

__________

ရှမ်းပြည်တော်လှန်ရေးထဲမှာပါဝင်ခဲ့တဲ့ ရှမ်းနီတိုင်းရင်းသားအများအပြားရှိခဲ့ဖူးပါတယ်။ အဲ့ဒီထဲက စဝ်အောင်မောင်းဟာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ 

၁၉၆၄ ခုနှစ် မြန်မာပြည်မြောက်ပိုင်းက မိုးကောင်းမြို့မှာ  စဝ်အောင်မောင်း မွေးဖွားခဲ့ပြီး ရှမ်းနီလူမျိုးအသိုင်းအဝိုင်းတွေကြားမှာပဲ ကြီးပြင်းလာခဲ့သူပါ။ စဝ်အောင်မောင်း ဆိုပြီး နာမည်မခေါ်ခင် သူ့ငယ်အမည်က “ စိုင်းအောင်ကြီး” ပါ။ ပညာရေးအရာမှာလည်း ထူးချွန်ပြီး မန္တလေးတက္ကသိုလ်မှာ Psychology   စိတ်ပညာဘာသာရပ်အထူးပြု သင်ယူခဲ့ပါတယ်။  ဒီပညာရပ်ကို နောင်တစ်ချိန်မှာ ရှမ်းနီလူငယ်တွေ၊ ဒေသခံတွေကြားမှာ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းတွေမှာပြန်လည်အသုံးချသွားခဲ့ပါတယ်။  ၈၈၈၈ အရေးတော်ပုံထဲမှာ ကျောင်းသားခေါင်းဆောင်ပိုင်းက ပါဝင်ပြီးတော့ ကျောင်းသားတပ်  ABSDF (မြောက်ပိုင်း)  ဗဟိုကော်မတီဝင် အနေနဲ့ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာလမှာ တောခိုပြီးတော့ ABSDF(NB) ဝင်ရောက်ပြီး လက်နက်စွဲကိုင်တော်လှန်ရေးလမ်းစဉ်ထဲကို ခုန်ဝင်လာခဲ့ပါတယ်။  ၁၀ နှစ်တာ ကျောင်းသားတပ်မှာ ပါဝင်ခဲ့ပြီးနောက် အခြေအနေအမျိုးမျိုးကြောင့် ရှမ်းပြည်ဘက်ကို ရွေ့ပြောင်းလာခဲ့ပြီး ရှမ်းတပ်အသီးသီးမှာ ပါဝင်လာခဲ့ပါတယ်။ KIA က ၁၉၉၆ ခုနှစ် အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရယူလိုက်တာကြောင့် ABSDF(NB)ထဲက ရှမ်းနီကျာင်းသားတွေဟာ  နေရာရွေ့ပြောင်းကြရပါတယ်။ ဒီထဲမှာ စဝ်အောင်မောင်းက  ရှမ်းပြည်ဘက်ကို  ရှမ်းပြည်အမျိုးသားတပ်မတော် SSNA ရဲ့အကူအညီကိုရယူပြီး ရှမ်းပြည်တောင်ပိုင်းဘက်ကိုရောက်ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ် ရောက်ရှိပူးပေါင်းမှုကို  “ သျှမ်းအမျိုးသားတော်လှန်ရေးတပ်တွေအတွက် စည်းလုံးညီညွတ်ရေးစံပြ” အဖြစ် ရှမ်းတော်လှန်ရေးမှတ်တမ်းရေးသားသူတွေက  ရေးသားဖော်ပြကြပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ပူးပေါင်းပြီးတဲ့နောက် တိုက်ပွဲအလီလီမှာ ပုံစံအမျိုးမျိုးနဲ့ ပါဝင်တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၉၀ ခုနှစ်က “ဆိုင်းနမ့်”တိုက်ပွဲ ၊ ၁၉၉၁ ခုနှစ် “ကြယ်ပျံ”စစ်ဆင်ရေးတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့သူပါ။ ၁၉၉၈ ခုနှစ်စကပြီး ၂၀၀၈ ခုနှစ်အထိ  RCSS/SSA မှာ ဗိုလ်မှူးရာထူးနဲ့  တပ်မဟာ ၂၄၁ ဒုတပ်မဟာမှူးတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။  ၂၀၀၃ ခုနှစ်မှာ တိုင်းရင်းသားညီနောင်စစ်ရေးမဟာမိတ်တပ်များအရာရှိသင်တန်းကျောင်း ဆရာ၊ ၂၀၀၅ -၂၀၁၁ ခုနှစ်အထိ  Shan State Development Foundation (SSDF/RCSS)  သင်တန်းကျောင်းရဲ့  နည်းပြ၊ မြေပုံဘာသာရပ်မှာ နည်းပြတွေအပြင် စစ်ရေးမဟာဗျူဟာလေ့လာရေးအပိုင်းတွေနဲ့ အထူးတပ်သားတွေရဲ့ သင်တန်းနည်းပြအဖြစ်ပါ တာဝန်ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ၂၀၁၁ ခုနှစ်ကစလို့ RCSS/SSA ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာကစလို့ ၂၀၁၃ ခုနှစ်အထိ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတိုင်းမှာပါဝင်ခဲ့ပါတယ်။ RCSS/SSAရဲ့ ဆက်ဆံရေးရုံးမှာလည်း တာဝန်ခံအဖြစ်တာဝန်ယူခဲ့ပါတယ်။ 

RCSS/SSA မှ စဝ်အောင်မောင်း နဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တောင်ကြီးမြို့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးမြင်ကွင်း

သူနဲ့နီးစပ်သူတွေရဲ့ အဆိုအရ၊ စဝ်အောင်မောင်းဟာ  ရှမ်းနီလူမျိုးအဖြစ် ဂုဏ်ယူစိတ်ရှိပြီး၊ ဇွဲ၊ သည်းခံစိတ်၊ ပွင့်လင်းစွာ ဆွေးနွေးတတ်တဲ့ သဘောထားနဲ့ ရှမ်းအင်အားစုအားလုံးရဲ့ ယုံကြည်မှုကို ရရှိခဲ့သူပါ။ “လူမှန်နေရာမှန်” ဆိုတဲ့ စကားအတိုင်း၊ ရှမ်းနီအမျိုးသားရေးနှင့် ရှမ်းစည်းလုံးရေးနှစ်ခုစလုံးမှာ တစ်ချိန်တည်း အကျိုးရှိစွာ ပါဝင်နိုင်ခဲ့သူလို့ ဆိုကြပါတယ်။

ရှမ်းနီဒေသနဲ့ဝေးသွားခဲ့တဲ့ စဝ်အောင်မောင်းဟာ ရှမ်းနီဒေသတွေကို ၂၀၁၄ -၂၀၁၅ ခုနှစ်မှာမှ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သို့ပေမယ့်လည်း အချိန်ကောင်းကို ကျန်းမာရေးက အနှောက်အယှက်ပြုနေပြီလည်းဖြစ်ပါတယ်။ နေရပ်မိုးကောင်း အပါအဝင် ရှမ်းနီဒေသအနှံ့အပြားတွေကို ခရီးဆန့်ပြီး မြေပြင်ရှမ်းနီတိုင်းရင်းသားတွေရဲ့အခြေအနေကို လေ့လာခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ အသည်းရောဂါကြောင့်  ထိုင်းနိုင်ငံမှာ ဩဂုတ်လ ၁၉ ရက်နေ့မှာ ဆေးကုသနေရင်း  ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပါတယ်။ “ အမျိုးသားရေးအတွက် လိုအပ်တဲ့ကွက်လပ်တွေမှာ ငါတို့အမြဲရှိကြမယ်” ဆိုတဲ့ စကားကိုထားရင်း သူဟာ ရှမ်းနီဒေသနဲ့ ရှမ်းပြည်အရေးတွေကို နှုတ်ဆက်သွားတာ ၁၁ နှစ်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေထဲက တစ်ခုလို့လည်း ရှမ်းနီတော်လှန်ရေးတပ်သားတွေက အမြဲပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ 

Ref:RCSS/SSA Data

Leave a Reply

Your email address will not be published. Required fields are marked *