လမ်းကြောင်းပိတ်ဆို့ခံရမှုကြောင့် ကုန်တင်အမြန်ရေယာဉ်များ သုံးလကျော်ကြာမှ ဟုမ္မလင်းသို့ဆိုက်ကပ်လာ 

ဇန်နဝါရီ ၆ ၊ ဟုမ္မလင်း

ချင်းတွင်းမြစ် မုံရွာမှ ဟုမ္မလင်းမြို့သို့ ဆန်တက်လာတဲ့ ကုန်တင်အမြန်ရေယာဉ်အစင်း နှစ်ရာကျော်ဟာ ကလေးခရိုင်အတွင်းမှာ ပိတ်မိနေတာသုံးလဝန်းကျင်ကြာမြင့်ခဲ့ပြီးမှ ဟုမ္မလင်းမြို့ကို ဒီနေ့မှာ ဆိုက်ရောက်မှုတွေရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

စက်လှေတချို့ဝင်လာတာတွေ့ရတယ်၊ စက်သုံးဆီနဲ့ဆောက်လုပ်ရေးပစ္စည်းအဓိကပါမယ်၊ ဒီတစ်ခါလည်းအရင်လိုပဲ သုံးလေးလလောက်လမ်းမှာတင်နေတာ” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။ 

အမြန်ယာဉ်တွေဟာ ကလေးဝမြို့နယ်ဂဇက်ကျေးရွာက NUG စစ်ဆေးရေးဂိတ်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက ပိတ်ဆို့ခံထားရပြီး ဒီဇင်ဘာလမှာပြန်လည်လွှတ်ပေးခဲ့တာလို့သိရပါတယ်။ 

ဒီလိုပြန်လွှတ်ပေးရာမှာလည်း မော်လိုက် ၊ ဖောင်းပြင် စတဲ့ဒေသက လက်နက်ကိုင်တပ်တွေကို အခွန်အသီးသီးပေးဆောင်ခဲ့ရပြီး လမ်းပိုင်းမှာလည်း ထပ်မံပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တယ်လို့ စက်လှေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ 

ကုန်စည်သယ်ဆောင်ရေးရဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ ရေလမ်းကြောင်းတွေပိတ်ဆို့ခံရမှုတွေကြောင့် ဟုမ္မလင်းမြို့ရဲ့ ကုန်စျေးနှုန်းတွေဟာ တခြားဒေသထက် သုံးဆကျော် စျေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဟုမ္မလင်းမြို့မှာ ကုန်စျေးနှုန်းစံချိန်တင်မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ကုန်တင်အမြန်ရေယာဉ်တွေဟာ လမ်းကြောင်းပိတ်ဆို့မှု ၊ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့်  တစ်နှစ်ကို နှစ်ကြိမ်သာ ဆိုက်ကပ်နိုင်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *