ကချင်ပြည်နယ်အတွင်းကို စက်သုံးဆီ ဂါလံ(၇)သိန်းကျော် မကြာမီရောက်မည်

မတ်(၁၀) ၊ မြစ်ကြီးနား

မကြာမီ အချိန်ကာလအတွင်းမှာ ကချင်ပြည်နယ်အတွင်းကို စက်သုံးဆီ ဂါလံပေါင်း (၇၂၀၀၀၀) ကျော် တင်သွင်းရောက်ရှိမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မနေ့က မတ်လ(၉)ရက်နေ့မှာ ပြောပြလာပါတယ်။

92 ဂါလံ (၁၅၀၀၀၀) ၊ ပရီမီယံဒီဇယ်( ၄၅၀၀၀၀)ကျော်၊ သံပရာကန်ဆီ( ၁၁၀၀၀၀)ကျော် စတဲ့ စက်သုံးဆီအမျိုးအစားများ ရောက်ရှိမှာဖြစ်ကြောင်း မြစ်ကြီးနားမြို့မှာ စက်သုံးဆီလုပ်ငန်းရှင်၊ အရောင်းဆိုင် နဲ့ ကော်မတီအဖွဲ့ဝင်တို့နဲ့ တွေ့ဆုံချိန်တွင် သူကပြောခဲ့တာပါ။

“မိုးညှင်းမှာ ရှေ့ရက်တွေတုန်းကတော့ တစ်လီတာ (၁၃၀၀၀) ၊မနေ့ကဆို နည်းနည်းကျလာတယ် တစ်လီတာ (၁)သောင်းပဲ ဖြစ်လာတယ်” ကချင်ပြည်နယ်အတွင်းက မိုးညှင်းမြို့မှာနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

မြစ်ကြီးနားမြို့မှာတော့ ဒီရက်ပိုင်း တစ်လီတာ (၉၅၀၀)ကျပ်နဲ့ တစ်ပေပါကို သိန်း(၂၀)ကျော်ရောင်းချနေကြတာဖြစ်ပြီး ရက်အလိုက်စျေးနှုန်းပြောင်းလဲမှုများရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒေသအတွင်းမှာ အရင်ပုံမှန်စျေးနှုန်းများက တစ်လီတာကို (၆)ထောင်ကျော်ကျပ်ဝန်းကျင်သာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီဝယ်ယူစုဆောင်းခြင်းနဲ့ စျေးနှုန်းမြင့်တင်ရောင်းချခြင်းတို့ကို ပြုလုပ်ပါက ဥပဒေနဲ့အညီ အရေးယူမှုများပြုလုပ်မယ့်အကြောင်း သိရပါတယ။

ဒါတင်မက စက်သုံးဆီလက်ကျန်ရှိပြီး ရောင်းချခြင်းရပ်တန့်ထားပါကလည်း အရောင်းလိုင်စင်များပိတ်သိမ်းသွားမယ်လို့ ကချင်ပြည်န​ယ်ဝန်ကြီးချုပ်ကဆိုပါတယ်။

နိုင်ငံအတွင်းမှာ အရန်စက်သုံးဆီ အလုံအလောက်ရှိပြီး ဓာတ်ဆီဂါလံပေါင်း သန်း(၆၀)နဲ့ ဒီဇယ်ဆီ ဂါလံပေါင်း သန်း(၇၀)နီးပါးရှိသလို ဝယ်ယူပြီးသား စက်သုံးဆီသင်္ဘော(၁၄)စင်းရှိတယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ရေနံစိမ်းအများဆုံးထွက်ရှိရာ ကမ္ဘာ့အရှေ့အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးအစီအစဉ်များကို ကာ/လုံက ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့မှာ ထုတ်ပြန်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *