TNLA ပြန်အပ်ခဲ့တဲ့ မိုးကုတ်မြို့ကနေ PDF တပ်ဖွဲ့အများစု ဆုတ်ခွာ 

မတ် ၂၅ ၊ မိုးကုတ် 

တအာင်း(ပလောင်)တပ် (TNLA) က စစ်တပ်ထံကို ပြန်အပ်ခဲ့တဲ့ မိုးကုတ်မြို့နယ်ထဲမှာ NUG လက်အောက်က PDF တပ်ဖွဲ့တွေအပါအဝင် ဒေသကာကွယ်ရေးတပ်တွေအများစု ဆုတ်ခွာသွားခဲ့ပြီဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

TNLA က မိုးကုတ်မြို့ကို ပြန်အပ်ပြီးတဲ့နောက် PDF တပ်တွေဟာ မိုးကုတ်မြို့ နဲ့ မိုးမိတ်မြို့နယ်ကြားက နေရာတွေမှာ ခြေကုပ်ရယူပြီး စစ်တပ်ကို တိုက်ခိုက်ခဲ့တာ ၃ လကျော်ကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အနောက်ပိုင်းဘက်ကဖြစ်တာ၊ ကျောက်ဆင် ၊ဘော်မား အဲ့ဘက် ၊ အဲ့တာကသူတို့ရဲ့ထွက်ပေါက်ပဲလေ၊ အဲ့ဒီကနေ ထွက်ရင်ထွက်၊ မထွက်ရင် ညှပ်တော့မှာလေ။ ဟိုတစ်လောက အဲ့ဒီဘက်( ကျောက်ဆင်၊ဘော်ဘား) ဘက်ဖြစ်နေတာ။ အဲ့ဘက်ကနေ ဆင်းသွားလိုက်ရင် မိုးမိတ်နယ်ထဲကိုရောက်သွားပြီ”​လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတည်ရှိနေတဲ့နေရာ အနောက်ဘက်ဒေသတွေ အားလုံးကို စစ်ကော်မရှင်တပ်တွေက နေရာဖြန့်ကျက်ထားသလို မိုးမိတ်ထွက်ပေါက်မှာလည်း စစ်ကြောင်းတွေဟာ ဝင်ရောက်နေရာယူလာတယ်လို့ ဆိုပါတယ်။

မြို့နယ်အတွင်းမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သလို ဒေသကာကွယ်ရေးတပ်တွေလည်း မြို့နယ်အတွင်းမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ကြောင်း မိုးကုတ်ဒေသခံ သုံးဦးထက်မနည်းပြောဆို ကြပါတယ်။ 

မိုးကုတ်မြို့ကို ဒေသကာကွယ်တပ်တွေမဆုတ်ခွာခင်မှာ စခန်းကြီး ၊ ကျောက်ဆင် ၊ ဘော်မား ကျောက်နဂါး စတဲ့ကျေးရွာတဝိုက်မှာ စစ်ကော်မရှင်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ 

NUG ကာကွယ်ရေးဝန်ကြီးဌာနက မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီး အဖွဲ့က ဦးဆောင်ပြီး တိုက်ခိုက်တာတွေကို  ဆောင်ရွက်ခဲ့တာပါ။ 

မိုးကုတ်ဗျူဟာ ရဲ့အဆိုအရ မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲတွေကို  မိုးကုတ်ဗျူဟာတပ်ဖွဲ့ ၊ မြင်းခြံ Black Tiger ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တပ်ဖွဲ့ ၊  မိုးကုတ်၊ မိုးမိတ် စစ်ဦးစီးရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)   အမှတ် ၅၁၃ PDF တပ်ရင်း၊ Red Wolves of Mogok တပ်ရင်း၊ မိုးကုတ်ဗျူဟာ၊ Ruby Land PDF (Tri) ဗျူဟာ ရင်း ၄၊ မိုးကုတ်မြို့နယ် ပကဖ၊စစ်ကိုင်း PDF တို့နှင့် ပူးပေါင်းပြီးတော့  လအနည်းငယ်ကြာ အတူ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *