မိုးညှင်း-အင်းတော်ကြီးလမ်းပိုင်းမှာ ယာဉ်မောင်းတစ်ဦး ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံရ 

မိုးညှင်းမြို့အဝင်ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်/ ShanNi Voice

ဧပြီ ၃ ၊​ မိုးညှင်း 

မိုးညှင်းနဲ့ အင်းတော်ကြီးဒေသကို ကုန်စည်တင်ယာဉ်မောင်းနှင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ မတ်လကုန်မှာ ဓားပြတိုက်ခိုက်ရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ မြင်သာရွာထိပ်ကျော်နားကိုရောက်သွားတာ၊ အဲ့နားမှာပစ်ခတ်ခံရတာ။ ခွေးဘီလူးပေါ်ကနေ ခုန်ကျခဲ့တာနေမှာ အဲ့တာမြင်သာရွာထိပ်နားမှာ သေနတ်နဲ့ပစ်သတ်သွားတယ်” လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးကပြောပါတယ်။ 

မိုးညှင်းမြို့နယ်နဲ့ အင်းတော်ကြီးလမ်းပိုင်းက မြင်သာကျေးရွာအနီးမှာ ဓားပြတိုက်ခံရပြီး ကားပေါ်ပါတဲ့ ကုန်စည်တွေနဲ့ ကားကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ပစ်ခတ်မှုကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မိုးညှင်းမြို့ရင်ခွဲရုံကို ယူဆောင်လာပြီး မနေ့က ဧပြီလ ၂ ရက်နေ့မှာ သင်္ဂြုလ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

ဓားပြတိုက် လုယက်သွားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးသလို ဖမ်းဆီးရမိခြင်းလည်းမရှိသေးပါဘူး။

မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ မိသားစုလိုက်ဓားပြတိုက် သတ်ဖြတ်ခံရမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ 

မိုးညှင်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလကစလို့ ဓားပြတိုက်မှုတွေဟာ မကြာခဏဖြစ်ပွားနေသလို လုယက်မှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။ 

လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်ပြုလုပ်နေသူ အဖွဲ့ဝင်(၈)ဦးတို့ကို ပြီးခဲ့တဲ့ မတ်လလယ်မှာ ဖမ်းဆီးထားပြီဖြစ်တယ်လို့ မိုးညှင်းရဲတပ်ဖွဲ့ဝင်များနဲ့နီးစပ်သူများထံမှ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *