
ဧပြီ(၇)၊ မြစ်ကြီးနား
ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ မြစ်ကြီးနားမှာကျင်းပနေတဲ့ ကချင်ပြည်နယ်လွှတ်တော်ကနေ ဒီနေ့မှာ ဦးခက်ထိန်နန်ကိုပဲ ပြန်လည်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ကဧပြီ(၆)ရက်မှာ သမ္မတက အဆိုတင်သွင်းလာတဲ့ ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကစိစစ်ပြီး ဒီနေ့မှာ သဘောတူလက်ခံလိုက်ကြတာလည်း ဖြစ်ပါတယ်။
သူက အသက်(၆၆)နှစ်ရှိပြီဖြစ်ပြီး အာဏာသိမ်း (၂၀၂၁)ခုနှစ်ကနေ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တာဖြစ်ပြီး ယခုလည်းဆက်လက်ခန့်အပ်ခြင်းခံရတာဖြစ်တယ်။
ဒီနေ့မှာပဲ တိုင်းနဲ့ပြည်နယ်အသီးသီးက လွှတ်တော်ဝန်ကြီးချုပ်တွေကို ခန့်အပ်ခဲ့တာဖြစ်ပြီး သမ္မတရဲ့အဆိုပြုခံထားသူအားလုံး ခန့်အပ်ခြင်းခံခဲ့ရကာ ကန့်ကွက်သူမရှိခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဦးကိုလေး ၊ရန်ကုန်တိုင်းက ဦးအောင်နိုင်သူ၊မန္တလေးတိုင်းက ဦးမျိုးအောင်၊ပဲခူးတိုင်း ဦးမျိုးဆွေဝင်း၊ မကွေးက ဦးတင်ကိုကို၊တနင်္သာရီတိုင်းက ဦးဇော်နိုင်ဦးနဲ့ ဧရာဝတီတိုင်းက ဦးအေးကျော်တို့ပဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်တစ်ဦးရဲ့ ရာထူးသက်တမ်းဟာ (၅)နှစ်ဖြစ်ပြီး သမ္မတနဲ့သက်တမ်းအတူတူပဲဖြစ်သလို တစ်ဦးကိုဘယ်နှစ်ကြိမ်ထိသာ ရာထူးယူရမယ်လို့ သတ်မှတ်ထားခြင်းမရှိပါဘူး။
နောက်ထပ် ပြည်နယ်တွေမှာ ကယားမှာ ဦးအံ့မော်၊ကရင်က ဦးစောမြင့်ဦး၊ ချင်းပြည်နယ်မှာ ဒေါက်တာဝုန်ဆွန်းထန်၊ မွန်ပြည်နယ်က အောင်ဝင်းသန်း၊ရခိုင်ပြည်နယ်မှာ ဦးနိုင်ဦးနဲ့ ရှမ်းပြည်နယ်မှာ ဦးစိုင်းထိန်စိုးတို့ ဖြစ်ကာ ဝန်ကြီးချုပ်အားလုံးနီးပါးဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်ကြပါတယ်။
ယခု ပြည်ထောင်စုအစိုးရအဖွဲ့အသစ်ကို ဝန်ကြီး(၃၀)ဦးနဲ့ ဝန်ကြီးဌာန(၃၁)ခု တို့ဖြင့် ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။
